ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇန်နဝါရီ ၁၂ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဘွာလ်၊ Sim Dihai ၊ Tibual စသည့် ကျေးရွာများကို စစ်ကော် မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် တိုက်နယ်ဆေးရုံ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖလမ်း – ရိဒ် ကားလမ်းပေါ်ရှိ သီးဘွာလ်ရွာ တိုက်နယ်ဆေးရုံကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ည ၉ နာရီ၊ ၃၀ မိနစ်ဝန်းကျင်တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စင်းဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်နယ်ဆေးရုံကိုပဲ ဦးတည် လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတာပါ။ဆေးရုံတစ်ခုလုံး ဝန်ထမ်းအိမ်ရာပါ မကျန် အကုန်ပျက်စီးသွားပါတယ်။ လူထိခိုက်မှုတော့ မရှိဘူးပေါ့”ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သီးဘွာလ် တိုက်နယ်ဆေးရုံသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပိတ်ထားသည့်အတွက် ဆေးရုံ လုပ်ငန်းများ လှည်ပတ်ခြင်းမရှိတော့သလို လူနာများလည်းမရှိ၍ ထိခိုက်မှုမရှိကြောင်း ဖလမ်းမြို့နယ်ဒေသခံက ဆိုသည်။

အလားတူ ဖလမ်းမြို့နယ်၊ Sim Dihai ရွာ နှင့်Tibual ကျေးရွာတို့ကိုလည်း ယမန်နေ့ညပိုင်းတွင် စစ်ကော်မရှင်တပ်မှ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့ညက တပြိုင်နက် လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်။ အဲရွာတွေဘက် ထိခိုက်မှု အခြေအနေ ဆက်သွယ်ရေး ခက်ခဲတော့ မကြားရသေးဘူး။ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေကြောင်း တိုက်ခိုက်ခံရသည့် ကျေးရွာများသည် လက်ရှိ ဖလမ်းမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲနေရာနှင့် အလှမ်းဝေးကြောင်း နှင့် စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများ၊ ဆေးခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-ပေးပို့