နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကျင်းပသည့် စစ်ကော်မရှင်၏ တစ်ဖတ်သပ် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပွင့်လင်းမြင်သာမှု မရှိသည့် ကြိုတင်မဲများဖြင့် စစ်အုပ်စုလက်ဝေခံ ကြံ့ခိုင်ရေးပါတီက သာလွန်အနိုင်ရသွားကြောင်း သိရသည်။
စစ်ကော်မရှင်က ပြုလုပ်သော ယင်းရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်သူသည် ၎င်းတို့၏ လက်ရှိကရင်နီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်မျိုးသန်းဖြစ်ကြောင်း သိရသည်။
ထိုအတွက် တရားဝင် မဲအနိုင်ရရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကြံ့ခိုင်ရေးပါတီ၏ တာဝန်ရှိသူများ ပြောဆိုချက်အရ ပြည်သူ့ပါတီ(PP)အပါအဝင် ဝင်ပြိုင်ကြသည့် နိုင်ငံ ရေးပါတီများထက် မဲအသာရကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးကျော်ကျော်ထွေး (ခ) ဦးမာကီးသည် စစ်ကော်မရှင်၏ ရွေး ကောက်ပွဲ အပိုင်း (၂) ကို ဦးကိုကိုကြီး ဦးဆောင်သည့် PP ပါတီမှနေ၍ ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ကော့မှူးမြို့နယ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြိုင်တိုင်းနိုင်သော နေရာဒေသဖြစ်ပြီး ၎င်းအပါအဝင် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အတိုက်အခံ ပါတီများ မပါဝင်၍ ပြည်သူများ စိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ရန်ကုန်တွင် ကွင်းဆင်းခဲ့သလို စစ်ကော်မရှင် လက်အောက်ခံများကလည်း အသံချဲ့စက်များဖြင့် လိုက်လံခေါ်ယူ၍ မဲပေးရန်အတွက် ဖိအားပေး ခြိမ်းခြောက်မှုများရှိကြောင်း သိရသည်။
အဆိုပါမြို့နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းခွဲကျော်နှင့် မဲရုံပေါင်း တစ်ရာကျော် ရှိသည်ဟု သိရကာ ယခင်ရွေးကောက်ပွဲများထက် မဲပေးသူ နည်း ပါးခဲ့ကြောင်း ဝင်ပြိုင်သည့် ပါတီများက ဆိုသည်။
ယင်းအပြင် ကြိုတင်မဲများ ကောက်ယူရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိသဖြင့် ထောက်ပြပြောဆိုမှုများ ထွက်ပေါ်ရှိနေပြီး ပြည်သူ့လွှတ်တော်အပါအဝင် လွှတ်တော်နေရာအားလုံးကို ကြံ့ခိုင်ရေးပါတီက အနိုင်ရသွားကြောင်း သိရသည်။
ဓာတ်ပုံ-MOI