ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇန်နဝါရီ ၁၂ ရက်

 

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဗိုလ်မှူးတစ်ဦး အပါအဝင် ၂၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ပဲခူးတိုင်းစစ်ဌာ နထံမှ သိရသည်။

 

ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ကြိမ်ခါကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ၂၀ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး စစ်ကြောင်းပျက်ကာ ဆုတ်ခွာသွားခဲ့သည်။

“ဖြစ်စဉ်ကတော့ တောကျွဲအင်းမြို့ကို ကျွန်တော်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲပေါ့။ ရန်သူက ကျွန်တော်တို့ရဲ့ စိုးမိုးဧရိယာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာ။ မနက်ပိုင်းမှာ ထိတွေ့မှု ဖြစ်ပြီး ရန်သူဘက်က အထိနာပြီး ပြန်လန်သွားတယ်။ လက်နက်တွေလည်း ရရှိပါတယ်” ဟု ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

 

တိုက်ပွဲပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းထံမှ လက်နက်ငယ် ၁၀ လက်ကျော်နှင့် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ် ဦး ကျဆုံးခဲ့ပြီး သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ကျောက်တံခါးမြို့နယ်အပါ အဝင် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း စစ်ရေးပြင်းထန်နေပြီး လက်ရှိတွင်စစ်‌ကော်မရှင်က တပ်ဖွဲ့ဝင်အင်အားထပ်မံဖြည့်တင်း၍ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း အထိနာနေသည့် စစ်ကော်မရှင်တပ်သည် ပတ်ဝန်း ကျင်ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေ၍ ဒေသခံသေများလည်း သေဆုံးမှုရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ PDF တပ်မတော်ကတော့ပြည်သူထိခိုက်မှုမရှိအောင် ပြည်သူတွေကိုပစ်မှတ်မထားပဲနဲ့ လက်နက်ကိုင်တဲ့ အကြမ်းဖက်စစ်တပ်ကိုပဲ အဓိကထားတိုက်တာဖြစ်တယ်။ ကျွန်တော်တို့ကြောင့် ပြည်သူ ထိခိုက်မှုမရှိအောင် အများကြီးသတိထားပြီး လုပ်ဆောင်ပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

 

ယနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း (P-29914)၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၃) တပ်ရင်း (Fire Dragon) နှင့် တော်ဝင်ဒေါင်းတပ်ရင်း (P-29913) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန