ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA လက်နက်ကိုင်အဖွဲ့နှင့် AAတို့ တိုက်ပွဲဖြစ်ပွားပြီး ARSA လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၁၂ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရောက်ရှိလာသည့် မူဆလင်လက်နက်ကိုင်များကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ပြလာသည်ကို ဘင်္ဂလားဒေ့ရှ်မီဒီယာအချို့က သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်လာ၍ ARSA သုံးဦး၊ ARA ၂၉ဦး၊ RIM ၁၈ဦးနှင့် အဖွဲ့အစည်းမရှိသူ နှစ်ဦး စုစုပေါင်း ၅၂တို့ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟု သိရသည်။
”ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် အကူအညီနဲ့ လက်နက်ကိုင်တွေက နယ်စပ်ကျော်ပြီး လာလာပစ်တယ်။ ပြီးတော့ပြန်ဝင်ပြေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက မူဆလင်လက်နက်ကိုင်တွေကို အရေးယူပေးဖို့ တောင်းဆိုတာရှိတယ်လို့ ပြောပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့က ရခိုင်- ဘင်္ဂလားဒေ့ရှ်အစပ် ကျီးကျွန်းရှိ AAစခန်းကို မူဆလင်လက်နက်ကိုင်ပူးပေါင်း အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီးနောက် မူဆလင် လက်နက်ကိုင်အဖွဲ့မှာသေဆုံးမှုများပြားပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြကြောင်း ဒေသတွင်း သတင်းများထံမှ သိရသည်။
အဆိုပါထွက်ပြေးသွားကြသူများမှာ ဒုက္ခသည်စခန်းများဆီ ဝင်ပြေး ခိုအောင်းသွားသူများရှိပြီး ၅၂ဦးကိုမူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGBက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဝါးခုတ်ဒေသမှ ၁၀နှစ်အရွယ် ကျောင်းသူတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ- ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး၍ဖမ်းဆီးခံရသည့် လက်နက်ကိုင်တပ်ဖွဲ့များ