ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

 

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မရွေးကုန်းကျေးရွာအုပ်စုတွင်ပြုလုပ်သည့် လောင်းကစားဝိုင်းများကို ‌စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၉ရက် ည ၁၀နာရီဝန်းကျင်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။

 

လောင်းကစားဝိုင်းများကို ဒေသခံများက စစ်ကော်မရှင်၏ အဖွဲ့စည်းများကို အဆင့်ဆင့် လိုင်းကြေးပေးဆောင်ပြီး လုပ်ခဲ့‌ကြောင်း ‌ဒေသခံများကပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို မြန်အောင် ခလရ အမှတ် (၅၁) ခြေလျှင်တပ်ရင်း မှ ဗိုလ်မှူးမင်းမင်းစိုးဦးဆောင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်

 

“ရွာပွဲတော်မှာ လောင်းကစားဝိုင်းကို စစ်တပ်က သေနတ်ဖောက် ၀င်ဖမ်းတာ။ ရန်ပုံငွေရှာတဲ့ပွဲဆိုတော့ စတိတ်ရှိုးလဲပါတယ်။ ပထမညတွေကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေလာတယ်။ ဖမ်းမဲ့ညကြတော့ သူတို့မလာတော့ဘူး။ သူတို့ကို ရန်ပုံငွေရှာတဲ့ပွဲက လောင်းကစားဝိုင်းအတွက် သိန်းတစ်ရာနီးပါးပေးပြီး ခွင့်ပြုချက်နဲ့လုပ်တာပါ”ဟု လောင်းကစားဝိုင်းနှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လေးကောင်ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်းနှင့် အခြား လောင်းကစားဝိုင်းမှ ပိုက်ဆံများ၊ အပ်ထားသည့်ဆိုင်ကယ်များ၊ကားများနှင့် ကျေးရွာမှ မီးစက်များကို ကားဖြင့်တင်‌ဆောင်ပြီး စစ်ကော်မရှင်တပ်က သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။

 

ထို့ပြင် မရွေးကုန်းအုပ်စု ဒေသခံရွာသားတစ်ဦးကိုလည်း တပ်ရင်း ၅၁ စစ်ကော်မရှင်တပ်က သေနတ်ဒင်နှင့်ထုနှက်ခဲ့ပြီး ဒဏ်ရာများရရှိ၍ အင်ပင်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ-မရွေးကုန်းအုပ်စုတွင်ပြုလုပ်ခဲ့သည့် စတိတ်ရှိုးနှင့်၊ လောင်းကစားဝိုင်းများ