ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဇန်နဝါရီ ၁၂ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စုအတွင်း ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့၊ နံနက်အစောပိုင်းက စစ်ကော်မရှင်၏ တစ်ဖက်သပ် ရွေးကောက်ပွဲအပိုင်း(၂) အတွက် လုံခြုံရေး ယူပေး နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရှမ်းကုန်းထိပ်ရွာမဲရုံကို လုံခြုံရေးယူပေးခဲ့သည့် တပ်ဖွဲ့ဝင်များ၊ ချောင်းခွရွာမဲရုံကို လုံခြုံရေး ယူပေးခဲ့သည့်တပ်ဖွဲ့ဝင်များနှင့် မြို့တွင်းရွာ မဲရုံကိုလုံခြုံရေးယူပေးနေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲက ပြည်သူပါဝင်မှုနည်းပါတယ်။ စစ်ရေးအခြေအနေကတော့ သူတို့ဘက်က အထိုင် စခန်းတွေဂိတ်စခန်းတွေမှာ ထပ်မံအင်အားတိုးမြှင့်ထားတွေရှိတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းကလည်း ပေါက်တောရွာအခြေစိုက် ခမရ-၁၀ တပ်ရင်းအတွင်းသို့ ၆ဝမမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းဧည်ရိပ်သာ အနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုများရှိသော်လည်း ထိခိုက် သေဆုံးမှုအသေးစိတ်ကိုမူ သိရခြင်းမရှိသေးပေ။
တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၃၆၀၁) တပ်ရင်း၊ တပ်ခွဲ-၂၊ တပ်ခွဲ-၅၊ ပြည်ခရိုင်အမှတ်(၁) တပ်ရင်း၊ တပ်ရင်းစစ်ကြောင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်ခရိုင်အတွင်း ပေါင်းတည်၊ ပေါက်ခေါင်း ၊ သဲကုန်း မြို့နယ်များအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် သဲကုန်း တိုက်ပွဲတွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့