နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

 

ရန်ကုန်တိုင်းတွင် စစ်ကော်မရှင်၏ တစ်ဖတ်သပ် ရွေးကောက်ပွဲ အပိုင်း (၂)ကို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထုတ်ပယ် ခံထားရသူ ဒေါ်စန္ဒာမင်း ရှုံးနိမ့်သွားပြီး ကြံ့ခိုင်ရေးပါတီက မြို့အားလုံးနီးပါး အနိုင်ရထားကြောင်း သိရသည်။

 

လသာမြို့နယ်မှနေ၍ ဝင်ပြိုင်သော ဒေါ်စန္ဒာမင်းသည် ယမန်နေ့ ဇန်ဝါရီ ၁၁ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပြည်သူများ မဲလာပေးမှု နည်းပါးကြောင်း ပြောဆိုထားပြီး ကနဦး ရလဒ်များအရ ၎င်းရှုံးနိမ့်သွားကြောင်း သိရသည်။

 

လသာမြို့နယ်တွင် ဒေါ်စန္ဒာမင်းအပြင် စစ်ကော်မရှင် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ(USDP)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) စသည်တို့ ဝင်ပြိုင်ကြောင်း သိရသည်။

ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ရှိပြီး မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော်ရှိသည့် လသာမြို့အတွက် တရားဝင် မဲရလဒ်များ ကြေညာခြင်းမရှိသေးသော်လည်း ကြိုတင်မဲ ၄၀၃ မဲ တွင် အားလုံးနီးပါး ကြံ့ခိုင်ရေးပါတီ၏ မဲများဖြစ်ကာ မဲရုံမဲများနှင့် ပေါင်းပါက ၎င်းပါတီ အနိုင်ရသွားကြောင်း သိရသည်။

 

လက်ရှိတွင် ကနဦး ရလဒ်များအရ ကြိုတင်မဲ၊ မဲရုံမဲများဖြင့် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်သည့် အငြိမ်း စား ဒုဗိုလ်မှူးကြီး ဦးလှတင့်က မဲအများဆုံးရပြီး ဒုတိယမှာ တစညပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဟိန်းစိုးဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

 

တစ်သီးပုဂ္ဂလအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝင်ပြိုင်သော ဒေါ်စန္ဒာမင်းသည် ယခင် NLD ပါတီတွင် အမတ်တစ်ဦး ဖြစ်ခဲ့ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲကိုအမျိုးသားဒီမိုကရေစီအင်အား စုပါတီ(NDF)ပါတီမှ ဝင်ပြိုင်ရန် ပြင်ဆင်နေစဉ် NDFပါတီမှာ ဖျက်သိမ်းခံခဲ့ရသည်။

 

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် ပြုလုပ်သော စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂)တွင် လက်တလော ကြည့်မြင်တိုင်မြို့နယ်မှလွဲ၍ ကျန် ၁၅ မြို့နယ်လုံးတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရထားကြောင်း အဆိုပါတီ၏ ဖော်ပြချက်အရသိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်