ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇန်နဝါရီ ၁၁ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆာဂွန်းစစ်ကော်မရှင်အထိုင်စခန်းကို စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲအပိုင်း-၂ ကျင်းပသည့် ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆာဂွန်းဂိတ်စခန်းတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
“ဒီနေ့ကတော့တောက်လျှောက်အမြန်လမ်းဟောင်း လမ်းသစ်ဝန်းကျင်ကျေးရွာတွေ မြို့တွေကို ရန်သူကစစ်ကြောင်းတွေနဲ့ဖိနေတယ်ပေါ့နော်” ဟု ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် ထန်းတပင်မြို့နယ်ရှိ စစ်ကော်မရှင်ရွေးကောက်ပွဲပြုလုပ်ရာ ထွေအုပ်ရုံးနှင့် ရဲစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထွန်းသန်း သေဆုံးခဲ့ပြီး အခြားအရာရှိအများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရဲစခန်းတိုက်ခိုက်မှုတွင်မူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနထံမှ သိရသည်။
လက်ရှိတွင် စစ်တောင်းမြစ်ဝှမ်းဒေသ ရန်ကုန်-မန္တလေး လမ်းဟောင်းတလျှောက်၌ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ တိုက်ပွဲများအတွင်း၌လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန