ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၂) ကို ယနေ့ ကျင်းပနေသည့် မန္တလေးမြို့တွင် မဲပေးသူ အလွန်နည်းပါးသဖြင့် အအေးဘူးနှင့် အစားအစာများ ဝေငှကာ ဆွဲဆောင်နေသည့်အပြင် မြို့အတွင်း အသံချဲ့စက်များဖြင့်ပါ လိုက်လံနှိုးဆော်နေရကြောင်း သိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မဲရုံပေါင်း ၈၀ ကျော် ဖွင့်လှစ်ထားပြီး မဲလာပေးသူများကို အအေးဘူး၊ ရေသန့်နှင့် မုန့်များဝေငှသည့် အစီအစဉ်များ ထည့်သွင်းထားသော်လည်း မဲလာရောက်ပေးသူ အင်မတန် နည်းပါးနေခြင်းဖြစ်သည်။

“မနက်ပိုင်း ၉ နာရီကျော်လောက်ကတည်းက မဲရုံတွေမှာ လူမရှိတော့ဘူး။ မဲရုံပိတ်ခါနီးမှ သွားကြည့်တာ မဲစာအုပ်တွေမှာ အကုန်ကွက်လပ်ချည်းပဲ။ မဲပေးဖို့ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ နေ့လယ်ပိုင်းမှာတော့ ကားနဲ့လှည့်ပြီး မဲလာထည့်ကြဖို့ မိုက်နဲ့ လိုက်အော်နေတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များသည် မဲစာရင်းအတွက် လူဦးရေစာရင်း ကောက်ယူစဉ်ကတည်းက ပြည်သူများကို မဲထည့်လျှင် အန္တရာယ်ကင်းကြောင်း၊ CDM ဝန်ထမ်းများလည်း မဲထည့်သင့်ကြောင်းနှင့် မိသားစုအရေးကို ငဲ့ညှာရန်ပြောဆိုကာ ဖိအားပေး စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း မန္တလေးမြို့ခံ အများစုမှာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးကို ဆန့်ကျင်သောအားဖြင့် မဲရုံများသို့ သွားရောက်ခြင်းမရှိဘဲ တိတ်ဆိတ်စွာ သပိတ်မှောက်နေကြကြောင်း မြေပြင်သတင်းများအရ သိရသည်။

ပုံစာ- ပြည်ကြီးတံခွန် မြို့နယ်ရှိ မဲရုံ တစ်ခုကို တွေ့ရစဉ်။