ဧရာဝတီတိုင်းမ်
(တောကျွဲအင်း)၊ ဇန်နဝါရီ ၁၁ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရဲစခန်းအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူ ရှစ် ဦးကို ကယ်တင်ကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ဇန်နဝါရီ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းအရှေ့ခြမ်း တိုက်ပွဲများအတွင်း တောကျွဲအင်းမြို့ကို ဝင်ရောက်ထိန်းချုပ်ခဲ့သည်။ထိုသို့ ဝင်ရောက်စိုးမိုးစဉ်အတွင်း စစ်ကော်မရှင်က ဆိုင်ကယ်လိုင်စင်မရှိဟု အကြောင်းပြကာ ငွေညှစ်ဖမ်းဆီးထားသည့် ဒေသခံ ရှစ် ဦးကို ရဲစခန်းအတွင်းမှ ပြန်လည်ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
“ရဲစခန်းမှာ မတရားချုပ်နှောင်ခံထားရတဲ့ အချုပ်သား ၈ ယောက်ကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ အခု အလောင်းတွေပြန်ကောက်တာ၊ ကာကင်းတွေပြန်ထုတ်တာတွေ ရှိတယ်။ ကျွန်တော်တို့ စိုးမိုးနယ်မြေဘက်က ကျေးရွာတွေကိုတော့ သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းသန်းလှမ်းပစ်နေတယ်” ဟု ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်လက်အောက်ခံ လော်ဘီများက တောကျွဲအင်းမြို့မှ စခန်းမှူး၊ ဆရာဝန်များနှင့် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဝါဒဖြန့်နေကြသော်လည်း တိုက်ပွဲအတွင်း မည်သူ့ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အတည်ပြုသည်။
“ဘယ်သူ့ကိုမှ ဖမ်းဆီးသွားတာ မရှိပါဘူး။ သူတို့ဘာသာသူတို့ ထွက်ပြေးနေကြရင်တော့ မသိဘူး” ဟု ပဲခူးတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရထားလမ်းပိုင်းများ ပျက်စီးခဲ့ရပြီး ရထားခရီးစဉ်များ ရပ်နားထားရကြောင်းလည်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှစ၍ အုတ်တွင်းနှင့် ကျောက်တံခါးမြို့နယ်ရှိ စစ်တပ်စခန်း ၁၄ ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန