ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၁၁ ရက်
ဧရာ၀တီတိုင်း၊ အိမ်မဲမြို့တွင် အုပ်ချုပ်ရေးမှူးများက မဲပေးရမည့်စလစ်ပြားများကို ရွေးကောက်ပွဲမတိုင်မီတွင် အိမ်ပေါက်စေ့လိုက်ဝေကာ မဲပေးရန်ဖိအားပေးခဲ့သဖြင့် မြို့ခံအများအပြားဖမ်းဆီးခံရမည်စိုးရိမ်ကာ မဲထည့်ခဲ့ကြကြောင်း သိရသည်။
“သူတို့ (အုပ်ချုပ်ရေးမှူးများ) က ကြိုပြီးစလစ်ပြားတွေ တအိမ်တတ်ဆင်းလိုက်ပေးထားတာ။ မဲမထည့်မနေရပုံစံမျိုးနဲ့ ခြိမ်းခြောက်ထားတော့ ကြောက်ပြီးမဲသွားထည့်ကြတာ။ မဲရုံရောက်တော့ မှတ်ပုံတင်ပြ စလစ်ပြားနံပါတ်ပြောပြီး ထည့်ရတယ်။ တချို့က သူများတွေမြင်မှာစိုးလို့ မနက်အစောကြီးသွားပေးကြတယ်။ အိမ်မဲက တောမြို့လေးဖြစ်တာရယ် စလစ်ပြားကအိမ်တိုင်းပေးထားတော့ မဲသွားမပေးရင် မပေးတဲ့သူ တန်းသိနိုင်တယ်။ အဲ့ဒါကြောင့် ကျွန်မတို့အပါအဝင်တော်တော်များများ ကြောက်ပြီးသွားပေးကြတာ”ဟု ကိုယ်တိုင်မဲပေးခဲ့သူ အိမ်မဲမြို့ခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အိမ်မဲမြို့ခံများမှာ အာဏာသိမ်းစစ်ကော်မရှင်၏ရွေးကောက်ပွဲကို စိတ်မဝင်စားကြသည့်အတွက် ဝင်ပြိုင်သည့်ပါတီများကို မသိကြကြောင်း၊ ကြံ့ခိုင်ရေးပါတီမှလွဲ၍ ကျန်သည့်ပါတီခလုတ်များ တွေ့ရာနှိပ်ကာ မဲပေးခဲ့ကြောင်း ယနေ့မဲပေးခဲ့ကြသူများက ဆိုသည်။

“မဲပေးတာတော့ တွေ့တဲ့ခလုတ်နှိပ်ပြီး ပေးခဲ့တာပဲ။ အရပ်ထဲကတခြားသူတွေမေးတော့လည်း ကျွန်မလိုပဲ ကြံ့ခိုင်ရေးတော့မပေးဘူး တခြားတွေ့တဲ့ခလုတ်နှိပ်ပြီးပေးခဲ့တယ်ပြောကြတယ်”ဟု အိမ်မဲမြို့ခံအမျိုးသမီးက ဆိုသည်။
စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာနေသူများသာမက ရန်ကုန်မြို့ကဲ့သို့ ရပ်ဝေးတွင် အလုပ်လုပ်သူများကိုပါ နာမည်စာရင်းထည့်၊ စလစ်ပြားထုတ်ပေးထားသဖြင့် ရပ်ဝေးမှ နေရပ်သို့ပြန်လာကာ မဲထည့်ရသူများလည်းရှိကြောင်း သိရသည်။
“ကျွန်မတို့ရွာမှာ တရွာလုံးစလစ်ပြားပေးထားတော့ မဲသွားထည့်ကြရတယ်။ မဲစာရင်းနံမည်ပါတဲ့ ကလေးတွေဆို အဝေးကနေတောင် ပြန်လာပြီးပေးရတယ်။ မဲမပေးရင် နည်းမျိုးစုံနဲ့ ဒုက္ခပေးလာမှာ ကြောက်လို့။ တောရွာဆိုတော့ နားမလည်ကြတော့ မဲရုံမှာလူတွေအများကြီးပဲ ပေးနေကြတာ။ ဘယ်ပါတီပေးခဲ့လဲမေးတော့ ရမ်းနှိပ်ခဲ့ကြတာဘဲလို့ပြောတယ်”ဟု အိမ်မဲမြို့နယ်၊ ထိန်ငူရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အိမ်မဲမြို့သည် မြောင်းမြခရိုင်အတွင်းတည်ရှိသည့်မြို့ငယ်တစ်ခုဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ဆက်တိုက်အနိုင်ရခဲ့သည့်မြို့နယ် ဖြစ်သည်။
ဓာတ်ပုံ-အိမ်မဲမြို့နယ်ရှိ မဲပေးစက်များကို မဲရုံသို့ပို့ဆောင်နေစဉ်