ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အတွင်းရှိ မဲရုံများကို လိုက်လံကြည့်ရှုခဲ့သော်လည်း အင်းစိန်မြို့နယ်ရှိ မဲရုံသို့ တိတ်တဆိတ် ရောက်ရှိလာခြင်းကြောင့် မဲရုံပတ်ဝန်းကျင်ရှိ ပြည်သူများပင် သိရှိခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ခေါင်းဆောင်သည် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်ရှိ အမှတ် (၄၃) အခြေခံပညာမူလတန်း ကျောင်း မဲရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကျောင်းရှေ့တွင် အိမ်စီးကားအချို့ တန်းစီရပ်ထား သည်ကိုသာ တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ ကျောင်းရှေ့တွင် မြို့သစ်ဈေးရှိသဖြင့် လူသွားလူလာ များပြားချိန်ဖြစ်သော်လည်း စစ်ခေါင်း ဆောင် လာရောက်သွားသည်ကို သတိမထားမိကြောင်း အဆိုပါ ကျောင်းအနီးရှိ ဒေသခံများထံမှ သိရသည်။
“တိတ်တိတ်လေး လာသွားတာ၊ လမ်းကြောင်းကားတစ်စီးမှမတွေ့ဘူး။ အရင်လူကြီးလမ်းကြောင်း ရှိတယ်ဆို ဆိုင်ကယ်ကယ်ရီတွေမထွက်ရဘူး။ လမ်းဘေးဆိုင်တွေပိတ်ရတာ။ ဒီနေ့ကျပုံမှန်ပဲ။ ထူးခြားတာဆိုလို့ ကျောင်းရှေ့မှာ အိမ်စီးကားတွေပဲတွေ့လိုက်တာ ” ဟု ဆိုင်ကယ်ကယ်ရီမောင်းသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပနေသည့် အင်းစိန်မြို့နယ်အတွင်းရှိ မဲရုံအချို့တွင် နံနက်ပိုင်း ၁၀ နာရီမှ ၁၂ နာရီအတွင်း မဲလာပေးသူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။

“မင်းအောင်လှိုင် လာသွားတဲ့ အမှတ် (၄၃) ကျောင်းမဲရုံမှာတော့ လူတန်းစီတာ တွေ့ရတယ်။ အယောက် ၅၀ လောက် ရှိမယ်။ အခြားကျောင်းမဲရုံတွေမှာတော့ လူ ၃၀ လောက်ပဲ ရှိတယ်” ဟု မြို့သစ် (ခ) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အင်းစိန်မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာများအနက် ဆိုင်ကယ်ကယ်ရီမောင်းသူနှင့် ဆိုက်ကား သမား အများစုတွင်သာ မဲပေးထားသည့် လက်သန်းမင်ရာများ ရှိပြီး ကျန်ပြည်သူများတွင် တွေ့ရှိရမှု နည်းကြောင်း မြေပြင် သတင်းရင်းမြစ်က ဆိုသည်။
စစ်ခေါင်းဆောင်သည် အင်းစိန်မြို့နယ်အပြင် လသာနှင့် လှိုင်မြို့နယ်ရှိ မဲရုံများကိုလည်း လိုက်လံကြည့်ရှု ခဲ့ပြီး ယခုကဲ့သို့ ကိုယ်တိုင်လှည့်လည်ခြင်းမှာ ဝန်ထမ်းများနှင့် ပြည်သူများကို တစ်ဖက်လှည့်ဖြင့် အကျပ်ကိုင် ဖိအားပေးလိုခြင်းသာ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ One News