‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၁၁

‎စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့အစည်းများက ဖိအားပေးခြိမ်းခြောက်၍ မဲပေးခဲ့ကြသော်လည်း ရွေးကောက်ပွဲဝင်ပြိုင်သည့် ပါတီနှင့် ကိုယ်စားလှယ်များကို မသိကြကြောင်း ရန်ကုန်တိုင်းမှ မဲဆန္ဒရှင်အများအပြားက ပြောဆိုကြသည်။

‎မဲမ‌ပေးပါက ဧည့်စာရင်းဖြင့် ဆက်လက်နေထိုင်ခွင့်မပြုဟု ခြိမ်းခြောက်ခံရသည့်အတွက် မိသားစုလိုက် သွားရောက်မဲထည့်ကြသည့် ဖြစ်စဉ်များလည်းရှိကြသည်။

‎”မဲစာရင်းတွေကောက်တော့ အစ်မတို့က ဒေါပုံရပ်ကွက် အိမ်ထောင်စုစာရင်းဖြစ်ပေမယ့် လမ်းပြောင်းပြီးနေလို့ ဧည့်စာရင်းတိုင်ရတယ်။ အဲဒါ ရာအိမ်မှူးက မဲသွားမပေးရင် မဲနံပါတ်မပြောနိုင်ရင် ဧည့်စာရင်းမပေးဘူး။ လာစစ်ရင် အဖမ်းခံလိုက်ပြောလို့ မဲသွားထည့်ရတယ်။ ကြံ့ခိုင်ရေးမဟုတ်ရင်ပြီးရော နှိပ်ခဲ့တာ ဘယ်သူတွေပါလဲ မသိဘူး” ဟု ဒေါပုံရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဖိအားပေးခြိမ်းခြောက်ခံရသူများမှအပ မဲရုံများတွင် လာရောက် မဲပေးသူနည်းပါးနေပြီး မနက်လင်းစအချိန်မှာပင် မဲရုံ၌ တိတ်ဆိတ်နေပြီဖြစ်ကာ မြို့နယ်အချို့တွင် ရပ်ကွက်အတွင်း လော်စပီကာဖြင့်အော်ကာ မဲပေးကြရန် ခေါ်ထုတ်ရကြောင်း သိရသည်။

‎မဲဆွယ်ဆိုင်းဘုတ်များထောင်ထားစဉ်ကလည်း ပြည်သူများမှာ ဖတ်ရှုခြင်းမရှိသည့်အပြင် အဆိုပါဆိုင်းဘုတ်များ အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးပါက ရွေးကောက်ပွဲဥပဒေနှင့် ဖမ်းဆီးမှုများရှိသဖြင့် ဆိုင်းဘုတ်၊ ဗီနိုင်းများအနီးသို့ပင်မကပ်ကြကြောင်း သိရသည်။

ဓါတ်ပုံ- လူမှုကွန်ရက်
ပုံစာ- ရန်ကုန်မြို့တွင်းမှ မဲရုံတစ်ရုံမြင်ကွင်း