ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

 

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဒေသခံအများအပြားမှာ အာဏာသိမ်းစစ်တပ်၏ ရန်ငြှိုးထား ဒုက္ခပေးမည်ကို ကြောက်ရွံ့သည့်အတွက် ယနေ့တွင် မဲရုံသို့သွားရောက်မဲပေးခဲ့ကြကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသည့် သာပေါင်းမြို့နယ်တွင် စစ်ကော်မရှင်က လုံခြုံရေးတင်းကြပ်စွာဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး စစ်တပ်ကိုကြောက်၍ မဲပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

 

“အခုက သူတို့ (စစ်တပ်) အုပ်ချုပ်နေတာဆိုတော့ မဲမပေးရင် မိသားစုကို ဒုက္ခပေးမှာကြောက်လို့ ဒီနေ့ မဲသွားပေးခဲ့တယ်။ အိမ်နီးနားချင်းတွေလည်း ကိုယ့်လိုပဲ မဲရုံမှာတန်းစီပြီး မဲပေးကြတယ်။ မဲမပေးရင် သူတို့ (စစ်တပ်) လက်ထဲမှာ မဲပေးသူစာရင်းရှိနေတော့ မဲမပေးတဲ့အိမ်တွေ အညှိုးထားပြီး ဒုက္ခပေးမှာစိုးလို့သာ သွားပေးရတာ။ တကယ်က မပေးချင်ဘူး။ ဒီကြားထဲမှာ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး မပေးတဲ့သူတွေလည်း လမ်းထဲမှာရှိတယ်”ဟု သာပေါင်းမြို့ခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့မဲပေးရာတွင် သာပေါင်းမြို့ခံအများအပြားက စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီကိုရှောင်၍ တခြား ကြုံသည့်ခလုတ်ကိုနှိပ်၍ မဲပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

 

“ကျွန်မကတော့ ကြံ့ခိုင်ရေးကိုမပေးမိအောင် ရှောင်ပြီး တခြားကြုံတဲ့ခလုတ် လျှောက်နှိပ်ပစ်ခဲ့တယ်။ ဘယ်ပါတီတွေပေးခဲ့လဲဆိုတာတောင် သေချာမှတ်မထားဘူး။ ကိုယ့်လိုပဲ တခြားသူတွေမေးကြည့်တာ ဖွတ်ကလွဲရင် ကျန်တာတွေ နှိပ်ခဲ့တယ်လို့ ပြောကြတယ်”ဟု ယနေ့မဲပေးခဲ့သည့် သာပေါင်းမြို့ခံအမျိုးသမီးက ပြောသည်။

 

အာဏာသိမ်းစစ်ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၈ ခု၌ ရွေးကောက်ပွဲပထမပိုင်း ကျင်းပခဲ့ပြီး ယနေ့တွင် ရွေးကောက်ပွဲ ဒုတိယပိုင်းအဖြစ် ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ အိမ်မဲ၊ ဝါးခယ်မနှင့် ပန်းတနော်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပနေခြင်း ဖြစ်သည်။

ဓာတ်ပုံ-သာပေါင်းမြို့နယ်တွင် စစ်တပ်ကဒုက္ခပေးမည်စိုး၍ ဒေသခံအများမှ မဲပေးနေကြရသည့်မြင်ကွင်း