ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ ဇန်နဝါရီ ၁၁ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရသော်လည်း စစ်ကော်မရှင်က မဲရုံများကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထန်းတပင်မြို့နယ် ထွေအုပ်ရုံးကို ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထန်းတပင်မြို့နယ် မဲရုံအားလုံး ဖွင့်ထားဆဲပါပဲ။ ဗုံးကြဲခံရတဲ့ ထန်းတပင်မြို့မှာတော့ မဲထည့်မယ့်သူ နည်းသွားတယ်။ ဗုံးက မနက်စောပိုင်း ကြဲလိုက်တော့ ကြောက်ပြီး မဲလာမထည့်ကြတော့ဘူး။ ဒါပေမဲ့ USDP (ကြံ့ခိုင်ရေးပါတီ) က ကြိုတင်မဲ ကိုင်ပြီး စောင့်နေတာဆိုတော့ ညနေ မဲရေတွက်ရင် သူတို့ပဲ နိုင်မှာပါ” ဟု ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ဆိတ်ကြီး၊ တပြေး၊ အောင်မင်္ဂလာ၊ သီရိရတနာ၊ သီရိဟေမာ၊ အုန်းပင်နှင့် ဇရပ်ကြီး စသည့်ကျေးရွာများတွင် မဲရုံ ၁၅ ရုံ ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ မြို့နယ်တွင် မဲပေးနိုင်သူ ၂၇,၀၀၀ ကျော် ရှိသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ ၅,၀၀၀ ကျော်သာ လာရောက် မဲပေးထားသေးကြောင်း မြို့နယ်ကော်မရှင်၏ စာရင်းများအရ သိရသည်။
ဒေသခံများမှာ ယနေ့နံနက်ပိုင်း တိုက်ခိုက်မှုကြောင့် မဲရုံသို့ သွားရောက်ရန် စိုးရိမ်နေကြသော်လည်း စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက မဲရုံများကို ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက် ကျင်းပနေခြင်းဖြစ်သည်။