ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ ဇန်နဝါရီ ၁၁ ရက်

 

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်အတွင်းရှိ တစ်နေရာတည်းတွင် စုပေါင်းဖွင့်လှစ်ထားသည့် မဲရုံစုရပ် တစ်ခုတွင် လုံခြုံရေးယူနေရသည့် စစ်ကော်မရှင် လက်အောက်ခံ အဖွဲ့စုံမှ တပ်ဖွဲ့ဝင်များကို အရည် အသွေးမမီသည့် အစားအသောက်များ ကျွေးမွေးသဖြင့် အောက်ခြေတပ်ဖွဲ့ဝင်များ မကျေနပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်က ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပသော ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် အဖွဲ့စုံမှ တပ်ဖွဲ့ဝင်များကို နေရာအနှံ့အပြားတွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် လုံခြုံရေး ချထားခြင်းဖြစ်ပြီး လာရောက်မဲပေးသူ နည်းပါးကြောင်းသိရသည်။

 

“အခု စာရိုက်နေတဲ့ အချိန်အထိ မဲလာပေးဖို့ လော်နဲ့ လိုက်အော်နေတုန်းပဲ။ မဲပေးတဲ့သူက ၁၀၀ ဝန်းကျင်လောက်ပဲ ရှိပြီး သူ့လူတွေပဲ ရှိတော့တယ်။ မဲလာပေးသူတွေကိုလည်း မှတ်ပုံတင်ကလွဲလို့ ပိုက်ဆံအိတ်အပါအဝင် ဘာပစ္စည်းမှ ယူဆောင်ခွင့်မပေးဘူး။ အပြင်မှာ ထားခဲ့ရတယ်” ဟု မြေပြင် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဖွဲ့စုံပါဝင်သည့် တပ်ဖွဲ့ဝင်များကို ကျွေးမွေးသည့် ထမင်းကြော်များမှာလည်း ပျော့ဖတ်ကာ သိုးနေ၍ စားသုံးရန် မသင့်တော်သဖြင့် အရာခံဗိုလ်နှင့် တပ်ကြပ်ကြီးအဆင့်ရှိသူများက စားနိုင်ခြင်း မရှိဘဲ ကျေနပ်မှုမရှိကြောင်းသိရသည်။

 

ထို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးသည့် အဆိုပါ ထမင်းထုတ်များကို ပစ်ထားခဲ့ပြီး ဘေးရှိ ထမင်းဆိုင်များတွင် ကိုယ်ပိုင်စရိတ်ဖြင့် ဝယ်ယူစားသောက်နေကြရကြောင်း သိရသည်။

 

“ကျွေးတဲ့ထမင်းက စားလို့မရတာကြောင့် တချို့က အပြင်မှာပဲ ကိုယ့်စရိတ်နဲ့ကိုယ် ဝယ်စားနေတာ တွေ့ရတယ်” ဟု မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲအတွက် လုံခြုံရေးယူရခြင်းအပေါ် စိတ်ပျက် နေသည့်အပြင် ထောက်ပံ့မှု အားနည်းချက်များကြောင့် အောက်ခြေတွင် ပေါက်ကွဲမှုများလည်း ရှိနေ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ကာလအတွင်းကလည်း သန်လျင်မြို့နယ်ရှိ မဲရုံတစ်ခုတွင် စစ်တပ်အရာရှိတစ်ဦးက မဲရုံဝင်းစောင့်ခိုင်းသည်ကို ကျေနပ်မှုမရှိ၍ လူပုံအလယ်တွင် အော်ဟစ်ဆဲဆို ခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

ပုံစာ-စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များ(ပုံဟောင်း)