ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသည့်အစ္စလာမ်ဘာသာဝင်မိသားစုများ မဲမပေးပါက နေအိမ်ရှိလူငယ်များကို စစ်မှုထမ်းစာရင်းထည့်သွင်းပြီး စစ်မှုထမ်းခေါ်ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း သိရသည်။

တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သည့် အစ္စလာမ်မိသားစုဝင်အချို့ကို ယနေ့ပြုလုပ်သည့်ရွေးကောက် ပွဲအပိုင်း ၂ တွင် သက်ဆိုင်ရာမဲရုံများ၌ မဲသွားမထည့်ပါက အရွယ်ရောက်အမျိုးသားများကို စစ်မှုထမ်းခေါ်ဆောင်သည့် စာရင်းထဲထည့်သွင်းသွားမည်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူများက ခြိမ်း ခြောက်ပြောဆိုနေခြင်းဖြစ်သည်။

“အိမ်မှာ အမျိုးသား သုံးယောက်ရှိတာကို စစ်မှုထမ်းစာရင်းထဲ မောင်အငယ်ဆုံးနာမည်ပါတာ နှစ်ခါရှိပြီ။ ပထမတစ်ခေါက်က ၁၀ သိန်း၊ ဒုတိယတစ်ခေါက်က ၃၈ သိန်း ပေးပြီးရွေးထုတ်ထားရတယ်။ မဲစာရင်းလာကောက်တော့ မဖြစ်မနေမဲပေးရမယ်။ စစ်မှုထမ်းစာရင်းထဲ ထပ်ပါနိုင်တယ်ဆိုပြီး ပြောသွားတယ်”ဟု တောင်ဥက္ကလာမြို့နယ်နေ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် မဲမပေးပါက အစ္စလာမ်မိသားစုများကို ထုတ်ပေးထားသော မြန်မာနိုင်ငံအတွင်း နေထိုင်ရပ်တည် သွားလာရေးအတွက် အရေးကြီးသည့် သန်းခေါင်စာရင်းများကို ပြန်လည်သိမ်းယူမည်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူများက ခြိမ်းခြောက်ထားသည့်အတွက် မဲသွားပေးခဲ့ရကြောင်း ခြိမ်းခြောက်ခံခဲ့ရသည့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးက ပြောသည်။

“သန်းခေါင်စာရင်းရထားတာ မကြာသေးဘူး။ ပိုက်ဆံ သိန်းလေးငါးဆယ်ကုန်အောင် လိုက်ထားရတာ။ ဘာသာခြားမလို့ မှတ်ပုံတင်ရဖို့ကလည်း မလွယ်ခဲ့ဘူး။ အထောက်အထားတွေ အကုန်ပြန်သိမ်းလို့ရတယ်၊ မဲပေးကိုပေးရမယ်ဆိုလို့ မဲသွားထည့်ခဲ့ရပါတယ်”ဟု အစ္စလာမ်ဘာသာဝင် အမျိုးသမီးက ပြောသည်။