နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်၏ တစ်ဖက်သပ် ရွေးကောက် ပွဲ အပိုင်း (၂) ကို ယနေ့ပြုလုပ်နေသော်လည်း မဲလာပေးသူ အလွန်နည်းပါးနေသဖြင့် အုပ်ချုပ်ရေး အဖွဲ့များက လော်စပီကာများဖြင့် လိုက်လံခေါ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂)ကို မြောက်ဒဂုံ (ခ) ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အပါအဝင် ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် ယနေ့ဇန်နဝါရီ ၁၁ ရက်၌ ပြုလုပ်နေပြီး မဲပေးသူ နည်းပါးနေခြင်းဖြစ်သည်။
“မဲပေးသူနည်းပြီး သူ့လူတွေကပဲ များနေတယ်။ မဲလာပေးသူ အရမ်းနည်းနေလို့ လော်နဲ့လိုက်အော် နေတာ။ အခုချိန်ထိ မဲလာပေးသူက ဆယ်ဂဏန်းလောက်ပဲ ရှိသေးတယ်” ဟု မြောက်ဒဂုံမြို့နယ်နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ဒဂုံမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်ရှိပြီး စစ်ကော်မရှင်က မဲရုံ ၈၅ ရုံ ဖွင့်လှစ် ထားသော်လည်း ရပ်ကွက်အချို့မှ မဲရုံများ၌ ယနေ့ နံနက် ၇ နာရီမှ ၈ နာရီအတွင်း မဲလာပေးသူ ၄၀ ဦးဝန်းကျင်သာရှိကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မဲလာပေးသူများအနက် အာဏာသိမ်း စစ်ကော်မရှင်နှင့် ပတ်သက်ဆက်နွယ်သူများ၊ ဖိအားပေး ခြိမ်းခြောက်ခံရ၍ ကြောက်လန့်ကာ မဲလာပေးသူများ ပါဝင်နေပြီး ယင်းနောက်ပိုင်း မဲပေးသူမှာ မရှိသလောက် နည်းသွားကြောင်း သိရသည်။
လက်ရှိတွင် မဲရုံများ၌ စစ်သား၊ ရဲ၊ မီးသတ်နှင့် အုပ်ချုပ်ရေးအဖွဲ့များအပြင် အရပ်ဝတ် လက်နက်ကိုင် များဖြင့် လုံခြုံရေးအင်အား အများအပြားများ ချထားပြီး စောင့်ကြည့်နေသလို လမ်းတချို့ ပိတ်ထားမှု များရှိကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယနေ့တွင် မြောက်ဒဂုံ၊ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနေခြင်း ဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်