ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၁၁ ရက်

အာဏာသိမ်းစစ်ကော်မရှင်က ယနေ့တွင် ဧရာ၀တီတိုင်းရှိ မြို့နယ် ၉ ခု၌ လွှတ်တော်သုံးရပ် ရွေးကောက်ပွဲများ ကျင်းပနေပြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက ပြည်သူများ မဲလာထည့်ရန် ရပ်ကွက်အတွင်းလိုက်လံခေါ်ဆောင်ကာ မဲပေးရန် ဖိအားပေးနေကြောင်း သိရသည်။

“ဒီမနက်ပိုင်းမှာ အုပ်ကြီးတွေနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး ပြည်သူတွေ မဲထည့်ကြဖို့ ရပ်ကွက်ထဲအထိ လူတွေ လိုက်ခေါ်နေတာ။ ရပ်ကွက်ထဲကလူတချို့တွေကကြောက်တော့ အုပ်ကြီးတွေခေါ်တာနဲ့ မဲရုံလိုက်သွားကြတယ်။ ကျွန်တော်ကတော့ မလိုက်ဘူး၊ မဲလည်း မထည့်ဘူးဆုံးဖြတ်ထားတယ်။ မတရားတဲ့ရွေးကောက်ပွဲမို့ မထည့်တာ”ဟု ကျိုက်လတ်မြို့ပေါ်ရပ်ကွက်တစ်ခုမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၈ ခု၌ ရွေးကောက်ပွဲပထမပိုင်း ကျင်းပခဲ့ပြီး ယနေ့တွင် ရွေးကောက်ပွဲ ဒုတိယပိုင်းအဖြစ် ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ အိမ်မဲ၊ ဝါးခယ်မနှင့် ပန်းတနော်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပနေခြင်း ဖြစ်သည်။