ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇန်နဝါရီ ၁၁ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့် မဲရုံများအနီး၌ ယမန်နေ့ ဇန်နဝါရီ ၁၀ ရက် နှင့် ယနေ့ ဇန်နဝါရီ ၁၁ ရက် တို့တွင် တော်လှန်ရေး တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၊ လက်ပံရေကျော်အုပ်စု၊ အမှတ် (၁) မဲရုံစောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ သွားလာရာလမ်းပိုင်းအပြင် မင်းလှမြို့၊ လမ်းမတော်လမ်းရှိ တရုတ်ကျောင်းမဲရုံအနီး တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မင်းလှမှာက ပြည်သူတွေကမဲပေးဖို့ဘယ်သူမှ စိတ်မဝင်စားဘူး။ ၂၀၂၀ တုန်းကဆို မနက် ၄နာရီ ၅ နာရီကတည်းက တန်းစီနေကြပြီ။ အခုကခြိမ်းခြောက်ပြီးထည့်ခိုင်းထားလို့သာ။ ဒီနေ့ရွေးကောက်ပွဲ မှာတော့ တိုက်ခိုက်မှုတွေထပ်လုပ်ဖို့ရှိပါမယ်။ ပြည်သူတွေအနေနဲ့ ရဲ၊ စစ်သား၊ ပျူတွေအနား မနေကြဖို့ပဲ သတိပေးချင်ပါတယ်” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် မင်းလှမြို့နယ်အတွင်း မဲစာရင်းပါ လူငယ်များ မဲလာမပေးပါက စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းမည်ဟု ခြိမ်းခြောက်နေပြီး အခြားသူများ မဲမပေးပါက ကျပ် သုံးသိန်းမှ ခြောက် သိန်းအထိ ဒဏ်ငွေရိုက်မည်ဟုဆိုကာ ဒေသခံများကို အတင်းအကျပ် ခြိမ်းခြောက် မဲပေးခိုင်းနေကြောင်း သိရသည်။
လက်ရှိတွင် မင်းလှမြို့နယ်၌ မဲရုံ ၉၀ ရုံ ဖွင့်လှစ်ထားပြီး ပါတီ ခြောက် ခု ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသော်လည်း မြေပြင်တွင် စစ်ရေးပြင်းထန်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ စစ်ကွင်းတာဆုံဂိတ်စခန်း တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးခဲ့သည်။
ဓာတ်ပုံ – ပေးပို့