ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ရက်
စစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် ဌာနဆိုင်ရာ ဝန်ထမ်းများသာမက ၎င်းတို့၏ မိသားစုဝင်များပါ မဖြစ်မနေ မဲပေးကြရန်နှင့် မဲပေးပြီးကြောင်း အထောက်အထားများကို Viber မှတစ်ဆင့် ပြန်လည်တင်ပြရန် ဖိအားပေးခိုင်းစေမှုများ ရှိနေကြောင်း သိရသည်။
မဲမပေးမီကပင် ဝန်ထမ်းတစ်ဦးချင်းစီ၏ မဲစာရင်းနံပါတ်စဉ်များကို Viber မှ ပေးပို့ထားရပြီး မဲပေးပြီးချိန်တွင် ရရှိသည့် နံပါတ်စဉ်နှင့် လက်သန်းမင်တို့ထားသည့် ဓာတ်ပုံများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အထောက်အထားအဖြစ် ပြန်လည်ပေးပို့ခိုင်းထားခြင်းဖြစ်သည်။
“မဲစာရင်းစစ်ကတည်းက အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) မိတ္တူကို ရုံးကို ပေးထားရတယ်။ မဲထည့်ရမယ့်သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ စာရင်းယူသွားတာ။ အိမ်မှာ မဲထည့်ရမယ့်သူ ၅ ယောက်ရှိတယ်။ အဲဒါ ဒီမနက် မဲသွားထည့်ပြီးတာနဲ့ မင်ပေနေတဲ့ လက်သန်း ၅ ချောင်းကို ဓာတ်ပုံရိုက်ပြီး Viber ကနေ ပို့လိုက်ရတယ်” ဟု ရန်ကုန်မှ သင်္ဘောကျင်းဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကော်မရှင် လက်အောက်ခံ ဝန်ကြီးဌာန အရာရှိပိုင်းများသည် ဝန်ထမ်းများကို မဲစာရင်းစစ်စဉ် ကတည်းက အပတ်စဉ် အစည်းအဝေးများ ခေါ်ယူကာ မိသားစုဝင်များပါ မကျန် မဲပေးကြရန် ခြိမ်းခြောက်ထားခြင်းဖြစ်ကြောင်း Non-CDM ဝန်ထမ်းများထံမှ သိရသည်။
အကယ်၍ ဝန်ထမ်းမိသားစုဝင်များ မဲမပေးပါက လက်ရှိနေထိုင်နေသည့် ဝန်ထမ်းအိမ်ရာများမှ ဖယ်ပေးရမည်ဟု ခြိမ်းခြောက်ခြင်း၊ ရာထူးတိုးနှင့် လက်ရှိအလုပ်အကိုင်ပါ ထိခိုက်နိုင်ကြောင်း ပြောဆိုမှုများရှိသည်ဟု ဆိုသည်။
ထို့ပြင် ဝန်ထမ်းအိမ်ရာရှိ ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း သက်ဆိုင်ရာ နယ်မြေများသို့ သွားရောက် မဲပေးရန် အတင်းအကျပ် စေခိုင်းထားကြောင်း သိရသည်။
ဓာတ်ပုံ-စစ်လော်ဘီ(တယ်လီဂရမ်)
ပုံစာ-ရန်ကုန်မြို့တွင်းရှိမဲရုံများကို လိုက်ကြည့်နေသည့်စစ်ခေါင်းဆောင် မင်းအောင်လှိုင်