ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မဲပေးစက်များ ချို့ယွင်းပျက်စီးပါက မဲလာပေးသည့် ပြည်သူများက အစားလျော်ပေးရမည်ဟု အုပ်ချုပ်ရေးအဖွဲ့များက ခြိမ်းခြောက်ထား ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီး ၁၁ ၌ ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် သာပေါင်းမြို့နယ်၊ ရှင်ကြီးပျောက် ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများ၌ မဲပေးစက်ခလုတ်များ နှင့် စက်ချို့ယွင်းမှု (Error) တက်ခြင်း သို့မဟုတ် ပျက်စီးခြင်းရှိပါက မဲထည့်သူက တာဝန်ယူလျော်ပေးရမည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။
“မဲပုံးတွေ၊ မဲစက်တွေကို မဲရုံတွေမှာ လာချကတည်းက ပျက်စီးရင် ရွာသားတွေ အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်တာ။ အခုလည်း မဲစက်ခလုတ် Error တက်ရင် မဲထည့်တဲ့သူက လျော်ရမယ်လို့ ပြောနေတယ်” ဟု သတင်းအထူးတပ်ဖွဲ့ (ပုသိမ်) က ဆိုသည်။
ထို့ပြင် ကညင်ကုန်းကျေးရွာအပါအဝင် ရပ်ကွက်/ကျေးရွာများ၌ အိမ်တိုင်းစေ့ မဲလာပေးရန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုသာ မဖြစ်မနေ မဲပေးကြရန် စစ်ကော်မရှင် လုံခြုံရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးမှူးများက ဖိအားပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ကာလအတွင်းကလည်း ဧရာဝတီတိုင်းရှိ မဲရုံအချို့တွင် မဲစက်ခလုတ်များ ချို့ယွင်းသဖြင့် ပြည်သူများ နာရီနှင့်ချီ စောင့်ဆိုင်းခဲ့ရပြီး အချို့မဲရုံများမှာ စက်ပြင်မရသဖြင့် ပိတ်လိုက်ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
လက်ရှိ သာပေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး သစ်ဝမ်းပူ၊ သဲဖြူ၊ မရမ်းကျင်း နှင့် သာပေါင်းလေး ကျေးရွာအချို့ကို AA က ထိန်းချုပ်ထားသည်။
စစ်ရေးတင်းမာမှုများကြောင့် ကျေးရွာအချို့မှ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရသဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များမှာ အခက်အခဲရှိနေ ကြောင်း သိရသည်။
ပုံစာ-စစ်အုပ်စု၏မဲပေးစက်