
မအူပင်မြို့တွင် စစ်ကောင်စီသတင်းပေးများနဲ့ ရဲများပေါင်းပြီး ငွေတက်နိုင်သူတွေကို ဖမ်းဆီးငွေညှစ်နေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ စက်တင်ဘာလ ၈ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီသတင်းပေးတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို လှူဒါန်းတန်ဆိုပြီး စွပ်စွဲကာ လူမှုကွန်ယက်မှာတင်တဲ့စာရင်းတွေကိုယူကာ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာမျိုး ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ခံပြည်သူတွေထဲက ငွေကြေးတက်နိုင်သူတွေရဲ့ နာမည်စာရင်းတွေကို စစ်ကောင်စီသတင်းပေးတွေက လိုင်းပေါ်တင်ပြီး နောက်ရက်တွေမှာ ရဲတွေက စခန်းကို ဖမ်းဆီးပြီး ငွေတောင်းယူကာ ပြန်လွှတ်ပေးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ သူတို့က လုပ်စားနေတာတော့ ကြာပါပြီး သတင်းပေး ဒလန်က လိုင်းပေါ်တင်တယ် နောက်နေ့ဆို ဝင်အဖမ်း ပြတယ် စခန်းရောက်တော့ ငွေနဲ့ညှိတယ် ငွေပေးနိုင်တယ်ဆို ပြန်လွှတ်ပေးတယ် မပေးနိုင်တဲ့သူတွေကိုတော့ ဆက်ပြီးဖမ်းထားတယ် ပုဒ်မ တစ်ခုခုတပ်ပြီး အဲ့အတိုင်းဖမ်းထားတာ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို
ပြောပါတယ်။
စစ်ကောင်စီသတင်းပေးတွေက ဒေသခံလုပ်ငန်းရှင်တွေနဲ့ ငွေကြေးတက်နိုင်တဲ့သူတွေကို ခြိမ်းခြောက်ငွေ တောင်းပြီး တောင်းသလိုငွေမရတဲ့အခါ လိုင်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ငွေလှူနေတဲ့ အလှူစာရင်းဆိုပြီး ရေးတင်တာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီသတင်းပေးတွေရဲ့ စွပ်စွဲရေးသားမှုကြောင့် ရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ ဒေသခံ ပြည်သူ အနည်းဆုံး ၃၀ ဦးရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။
#Ayeyarwaddy_Times