“စစ်ခေါင်းဆောင်၏ ပန်းတောင်းခရီးစဉ်သည် ရွေးကောက်ပွဲအောင်မြင်ရေးထက် AA နှင့် PDF တို့၏ ညှပ်ပိတ်ပိတ်ဆို့မှုကို စိုးရိမ်နေရသည့် ပဲခူးတိုင်းစစ်မျက်နှာကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်”
လွင်နိုင်း/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းစီစဉ်သည့် အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်ရန် ရက်ပိုင်းအလိုတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်သို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးမှုနှင့် မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။
စစ်ခေါင်ဆောင်အနေဖြင့် ပန်းတောင်းမြို့နယ်သို့လာရောက်ခြင်းသည် ၎င်း အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။
မဟာဗျူဟာကျသည့် ပန်းတောင်းနှင့်ဥသျှစ်ပင်
ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်သည် ပဲခူးတိုင်းအတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ တည်ရှိသည့် တစ်ခုတည်းသော မြို့နယ်ဖြစ်သည်။
ပန်းတောင်းမြို့နယ်၏ အရှေ့ဘက်၌ ပဲခူးတိုင်း၊ ပြည်နှင့် ရွှေတောင်မြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တောင်ဘက်၌မူ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ မြောက်ဘက်တွင် မကွေးတိုင်း၊ ကံမမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည်။ ပန်းတောင်းမြို့နယ်အတွင်းရှိ ဥသျှစ်ပင်မြို့သည် ပဲခူး၊ ရခိုင်၊ ဧရာဝတီနှင့် မကွေး “တိုင်းလေးတိုင်းဆုံရာ” အချက်အခြာကျသည့် လမ်းဆုံလမ်းခွလည်းဖြစ်သည်။
ပန်းတောင်းမြို့နယ်သည် အနောက်ဘက်တွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်ရှိတွင် AA ၏ စစ်ရေးခြိမ်းခြောက်မှုကိုပါ တိုက်ရိုက်ခံနေရသည့် ဒေသဖြစ်သည်။
ထို့ကြောင့် စစ်ရေးအရသာမက စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက်ပါ အရေးပါလှသဖြင့် စစ်ခေါင်းဆောင်ကိုယ်တိုင်ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့က လာရောက် မဲဆွယ်စည်းရုံးခဲ့ခြင်း ဖြစ်သည်။
ပဲခူးတိုင်း
ပဲခူးတိုင်းတွင် အရှေ့ခြမ်း၊ အနောက်ခြမ်းဟူ၍ နှစ်ပိုင်းရှိပြီး အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်မှစတင်ကာ စစ်ကော်မရှင်က ခရိုင်အသစ်များ တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် ခရိုင် ၆ ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်၊ မြို့ ၅၂ မြို့၊ ရပ်ကွက် ၃၂၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄၁၄ အုပ်စုရှိသည်။
အရှေ့ခြမ်း
ပဲခူးတိုင်းအရှေ့ခြမ်းတွင် ပဲခူးခရိုင် (ပဲခူး၊ ကဝ၊ သနပ်ပင်နှင့် ဝေါမြို့နယ်)၊ ညောင်လေးပင်ခရိုင် (ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်၊ ကျောက်တံခါးနှင့် ကျောက်ကြီးမြို့နယ်)၊ တောင်ငူခရိုင် (တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည်နှင့် ဖြူးမြို့နယ်) စုစုပေါင်း ခရိုင် ၃ ခရိုင်နှင့် မြို့နယ် ၁၄ မြို့နယ်ရှိသည်။
အနောက်ခြမ်း
အနောက်ခြမ်းတွင်လည်း ခရိုင် ၃ ခရိုင်ဖြစ်သော ပြည်ခရိုင် (ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်)၊ သာယာဝတီခရိုင် (သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုနှင့် ကြို့ပင်ကောက်မြို့နယ်)၊ နတ်တလင်းခရိုင် (နတ်တလင်း၊ ဇီးကုန်း၊ သဲကုန်းနှင့် ပေါင်းတည်မြို့နယ်) တို့ရှိသည်။
ကာကွယ်ရေးစက်ရုံများ၏ အသက်သွေးကြော
ပဲခူးတိုင်းသည် စစ်ကော်မရှင်၏ လက်နက်ခဲယမ်း ထုတ်လုပ်ရာ အဓိက အသက်သွေးကြောဟု ခေါ်ဆိုနိုင်သည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) ၇ ရုံအထိ အခြေစိုက်သည့် ဒေသဖြစ်သည်။ ကပစ (၃) ဆင်တဲ၊ ကပစ (၅) ကမြိုင်၊ ကပစ (၆) ညောင်ခြေထောက်၊ ကပစ (၇) ပြည်၊ ကပစ (၉) ကျောက်ဖူး၊ ကပစ (၁၆) မသုန် နှင့် ကပစ (၁၉) ပေါက်ခေါင်း တို့သည် ပဲခူးတိုင်းအတွင်း၌ပင် ရှိနေသည်။
ရွေးကောက်ပွဲနှင့် စစ်ရေးပဋိပက္ခ
လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပဲခူး တိုင်းမှ မြို့နယ် ၁၂ မြို့နယ် ပါဝင်နေသော်လည်း ပန်းတောင်း၊ ဇီးကုန်း၊ မင်းလှ၊ ပေါင်းတည် နှင့် ပေါက်ခေါင်း စသည့်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေပြီး နယ်မြေမတည်ငြိမ်မှုများ ကြုံတွေ့နေရသည်။
“သူတို့ကတော့ ဒီမြို့နယ်တွေမှာ မဖြစ်ဖြစ်အောင် လုပ်ကြမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လဲ နယ်မြေတွေမှာ စစ်ဆင်ရေးတွေ အားလုံးဖော်ဆောင်မှာမို့ သူတို့လုပ်ဖို့ ခက်ခဲပါလိမ့်မယ်” ဟု ပဲခူးတိုင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ပေါင်းတည်၊ ပေါက်ခေါင်းနှင့် မင်းလှမြို့နယ်တို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၄၈ ခုတွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ကြောင်း ကြေညာထားရပြီး ကျန်ရှိသည့်နေရာများတွင် အတင်းအကျပ် ပြုလုပ်ရန် ကြိုးပမ်းနေသည်။
လူဦးရေလျော့နည်းလာမှုနှင့်ပြည်သူ့သဘောထား
၂၀၁၄ သန်းခေါင်စာရင်းအရ ပဲခူးတိုင်းတွင် လူဦးရေ ၄.၈ သန်းရှိခဲ့သော်လည်း စစ်ကော်မရှင်၏ ၂၀၂၄ သန်းခေါင်စာရင်းအရ ၄.၄ သန်းကျော်သာ ရှိတော့သဖြင့် လူဦးရေ ၆ သိန်းနီးပါး လျော့နည်းသွားသည်။ ယင်းသည် စစ်ကော်မရှင်၏ ဖမ်းဆီးသတ်ဖြတ်မှုများ၊ စစ်ကြောင်းထိုး မီးရှို့မှုများနှင့် စစ်မှု ထမ်းဥပဒေတို့ကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းကို မီးမောင်းထိုးပြနေသည်။
ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် အပိုင်း (၂) နှင့် ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်မည့် အပိုင်း (၃) ရွေးကောက်ပွဲများတွင် ပဲခူးတိုင်းရှိ မြို့နယ်အများစုမှာ တိုက်ပွဲများကြားတွင် ရှိနေပြီး ပြည်သူများကလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဘဲ လစ်လျူရှုထားကြ သည်ကို တွေ့ရှိရသည်။
အလားတူ လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် နောက်ဆုံးပြုလုပ်မည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၃) တွင်လည်း ပဲခူးတိုင်းရှိ မြို့နယ် ၈ မြို့ဖြစ်သော ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ သဲကုန်း၊ ဝေါ၊ ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်တို့ ပါဝင်နေသလို ဒေသအများစု၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။