ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
တိုက်ပွဲများ ပြင်းထန်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်အတွင်း စစ်ကော်မရှင်တပ်များ တပ်ပျက်၍ ကစဉ့်ကလျား ဆုတ်ခွာနေရပြီး ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ) များပါ အာရက္ခတပ်တော် (AA) ၏ ခြိမ်းခြောက်မှုကို ခံနေရသည့် အခြေအနေတွင် စစ်ရေးအသာစီးရ နေသယောင် ဝါဒဖြန့်နိုင်ရန် စစ်ခေါင်းဆောင်က ပန်းတောင်းသို့ သွားရောက်ခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် ပန်းတောင်းတပ်နယ်အတွင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာအထိ သွားရောက်နိုင်ကာ နယ်မြေစိုးမိုးမှုရှိသည်ဟု ပြသရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်နေတဲ့နေရာအထိ သူသွားနိုင်တယ်။ ပန်းတောင်းတပ်နယ်မှာ စစ်တပ်က အသာစီးရ ထားတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဝါဒဖြန့်တဲ့အနေနဲ့ ပန်းတောင်းကို သွားဖို့ ရွေးချယ်လိုက်တာလို့ သိရတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ခေါင်းဆောင် သွားရောက်ခဲ့သည့် ပန်းတောင်းတပ်နယ်သည် လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် မြို့နယ်လည်း ဖြစ်သည်။
မြေပြင်စစ်ရေးအခြေအနေအရ ပန်းတောင်းတပ်နယ်အတွင်းရှိ ပွိုင့် ၆၆၆ စခန်းအနီး တိုက်ပွဲတွင် လတ်တလော၌ စကခ (၁၀) မှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် သေဆုံးခဲ့ပြီး နှစ်ဆန်းပိုင်း တိုက်ပွဲများ အတွင်း စစ်ကော်မရှင်၏ စစ်ကြောင်းနှစ်ခုလုံး တပ်ပျက်သွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
ပွိုင့် ၆၆၆ စခန်းကုန်းသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းနှင့် လဲရွာအတွင်း အခြေပြုနေသည့် စစ် ကြောင်းတို့မှာ AA ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး စကခ (၁၀) မှူးအပြင် တပ်ရင်းမှူး အဆင့်များပါ သေဆုံးခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်သည် လက်လွတ်ဆုံးရှုံးခဲ့ရသည့် ညောင်ကျိုးစခန်းကို ပြန်လည်ရယူရန်နှင့် လေသာတောင်ကြောကို စိုးမိုးနိုင်ရန် စစ်ကြောင်းများ ထပ်မံဖြန့်ခွဲစေလွှတ်နေသော်လည်း AA ၏ တိုက်ခိုက်မှုကြောင့် အင်အားပြုန်းတီးမှုနှင့် တပ်ပျက်မှုများ တရစပ် ကြုံတွေ့နေရကြောင်း သိရသည်။
ဓာတ်ပုံ-MOI