ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
နိုင်ငံခြားသုံးငွေကို တင်းကျပ်စွာ ထိန်းချုပ်နေသော စစ်ကော်မရှင်က သွင်းကုန်လိုင်စင် သက်တမ်းကို စုစုပေါင်း ၆ လအထိ သတ်မှတ်လိုက်ပြီး ကုန်ပစ္စည်းအမျိုးအစားတူပါက တစ်လလျှင် တစ်စောင်သာ လျှောက်ထားရန် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ ညွှန်ကြားချက်ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ကာ သွင်းကုန်လုပ်ငန်းရှင်များ၏ လိုင်စင်/ပါမစ် လျှောက်လွှာသက်တမ်းကို ရက်ပေါင်း ၁၈၀ (၆ လ) အထိသာ သတ်မှတ်တော့မည် ဖြစ်သည်။
ပြည်တွင်း၌ ပြန်လည်ရောင်းချမည့် Trading လုပ်ငန်းများအတွက် ကုမ္ပဏီတစ်ခုအနေဖြင့်ကုန်ပစ္စည်း အမျိုးအစားတူပါက ပြက္ခဒိန်တစ်လအတွင်း လိုင်စင်တစ်စောင်သာ လျှောက်ထားရမည်ဖြစ်ပြီး ယင်းတစ်စောင်ကိုသာ ခွင့်ပြုပေးသွားမည်ဟု ပါရှိသည်။

“လိုင်စင်တစ်စောင်ရရင် သုံးစွဲခွင့်က ၆ လ သက်တမ်းရတယ်။ ပထမ ၃ လပြည့်ရင် သက်တမ်း ထပ်တိုးရမယ်၊ အဲဒါဆို နောက်ထပ် ၂ လ ထပ်ရမယ်။ အဲဒီ ၂ လပြည့်လို့မှ ကုန်မသွင်းနိုင်သေးရင် နောက် ဆုံး ၁ လ သက်တမ်းထပ်တိုးခွင့်နဲ့ စုစုပေါင်း ၆ လ သက်တမ်းရတာပါ။ အဲဒီကာလအတွင်း ကုန် ပစ္စည်း တင်သွင်းရမယ်။ လိုင်စင်မှာပါတဲ့ ရက်စွဲကျော်ပြီးမှ သင်္ဘောတင်တာ (Shipment) လုပ်လို့မရဘူး” ဟု ပို့ကုန်သွင်းကုန် ကိုယ်စားလှယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် သွင်းကုန်လိုင်စင်/ပါမစ် လျှောက်လွှာတင်ထားပြီး ရက်ပေါင်း ၁၈၀ ကျော်လွန်သည်အထိ ခွင့် ပြုချက်မရရှိသေးသည့် လျှောက်လွှာများကို Myanmar Tradenet 2.0 စနစ်မှ အလိုအလျောက် ပယ်ဖျက် (Auto Cancel) သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်မှာယူ တင်သွင်းရာ တွင် အခက်အခဲများ ပိုမိုရှိလာနိုင်ပြီး ပြည်တွင်းကုန်ဈေးနှုန်းအပေါ်တွင်လည်း ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက ဆိုသည်။
ဓာတ်ပုံ – MOI