နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
ဧရာဝတီတိုင်းအတွင်း စစ်ရေးအရ အရေးပါသည့် ဟိုင်းကြီးကျွန်းနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် သာပေါင်းမြို့နယ်တို့သို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ကာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကို စည်းရုံးရေးဆင်းခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဟိုင်းကြီးကျွန်း တပ်နယ်သို့ ယမန်နေ့ ဇန်နဝါရီ ၉ ရက်က သွားရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို တွေ့ဆုံကာ လုံခြုံရေး အမြဲဂရုပြုရန်နှင့် စစ်ဆင်ရေးတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းများအရ သိရသည်။

ဟိုင်းကြီးကျွန်းတွင် စစ်ကော်မရှင်၏ အားထားရာ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်ရှိပြီး လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးအင်အားစုများ ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ခံစစ်အပြည့်ပြင်ထားသလို ကျေးရွာအချို့ကိုလည်း စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည်။
ထို့ပြင် စစ်ခေါင်းဆောင်သည် သာပေါင်းမြို့နယ်သို့လည်း သွားရောက်ကာ ၎င်းတို့ခန့်အပ်ထားသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖဆိုသူများကို တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က ၎င်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအတွက် “တပ်နှင့်လက်တွဲနိုင်သူ” ကို မဲပေးရန်နှင့် ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းလုပ်ဆောင်ရန် တိုက်ရိုက် မဲဆွယ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် မနက်ဖြန် ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် သာပေါင်းမြို့နယ်အပါအဝင် ဧရာဝတီတိုင်းမှ မြို့နယ် ကို မြို့နယ်ကို ထည့်သွင်းထားသည်။ ဟိုင်းကြီးကျွန်းတည်ရှိရာ ငပုတောမြို့နယ်မှာမူ အပိုင်း (၃) တွင် ကျင်းပမည်ဖြစ်သည်။
လက်ရှိတွင် သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့၌ စစ်ကော်မရှင်တပ်များနှင့်အာရက္ခတပ်တော် (AA) ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များအကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဒေသခံထောင်နှင့်ချီကာ စစ်ဘေးရှောင်နေရပြီး ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင်ကိုယ်တိုင် ဧရာဝတီတိုင်းသို့ ဆင်းလာခြင်းမှာ မြေပြင်တွင် ရွေးကောက်ပွဲအပေါ် ပြည်သူ့ဆန့်ကျင်မှုနှင့် AA ၏ ထိုးစစ်များကြောင့် စိုးရိမ်ထိတ်လန့်နေခြင်းကို ပြသခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
ဓာတ်ပုံ-MOI