ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားမဝင် စစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုနှင့်ပတ် သက်၍ လာမည့် ဇန်နဝါရီ ၁၃ ရက်တွင် စတင်ကျင်းပမည့် ICJ ကြားနာပွဲသို့ တက်ရောက်ရန် စစ်ကော်မရှင်ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သောအဖွဲ့ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ICJ ၌ မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တစ်ခုတည်းသော အဖွဲ့အစည်းမှာ NUG သာဖြစ်ကြောင်း ICJ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို NUG က ထပ်မံအသိပေးထားသည်။

“အကြမ်းဖက်စစ်တပ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အသိအမှတ်မပြုထားတဲ့ အဖွဲ့ဖြစ်ပြီး ပြည်သူတွေရဲ့ ထောက်ခံမှုလည်း မရှိပါဘူး။ အဲဒါကြောင့် အကြမ်းဖက်စစ်တပ်ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ တရားရုံးမှာ ပြောဆိုခွင့်မရှိပါဘူး” ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ICJ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုရန် လုပ်ပိုင်ခွင့်ရှိသည့် အစားထိုးကိုယ်စားလှယ် (Additional Alternate Agent) ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ကာ စစ်အုပ်စုကို ကိုယ်စားပြုခွင့် မပေးရန် NUG က တိုက်တွန်းထားသည်။

“အကြမ်းဖက်စစ်တပ်ကို ICJ မှာ ကိုယ်စားပြုခွင့်ပေးတာဟာ ရိုဟင်ဂျာပြည်သူတွေနဲ့ မြန်မာပြည်သူ အားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ICJ အနေနဲ့ မြန်မာပြည်သူတွေရဲ့ စစ်မှန် တဲ့အသံကို နားထောင်ဖို့ တိုက်တွန်းပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အဆိုပါ တရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စစ်ကော်မရှင် ဘက်ကမူ ၎င်းတို့အနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တစ်ကြိမ် လျှောက်လဲချက်များ ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။