ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး (စကခမှူး) အဆင့်အထိ သေဆုံးကာ စစ်ရှုံးခဲ့သဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တိုင်းမှူးကို စစ်ခေါင်းဆောင်က ရာထူးနေရာ အပြောင်းအလဲပြုလုပ်လိုက်ကြောင်း သိရသည်။

ပန်းတောင်းတပ်နယ်တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်မှ အင်အားအမြောက်အမြား ပြုန်းတီး ခဲ့ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်များအပြင် ပြီးခဲ့သည့်ရက်ပိုင်းက စကခ (၁၀) မှူး ကိုယ်တိုင် သေဆုံးခဲ့ရသည်။ ထိုသို့ စစ်ရေးအရ အထိနာခဲ့သဖြင့် တပခ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်ကို ရာထူးမှ ဖယ်ရှားကာ နေရာပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

“တိုင်းမှူးကို စစ်ရေးချုပ်နေရာအထိ တိုးပေးဖို့ သတင်းထွက်ထားတာရှိတယ်။ အခုက စစ်ရှုံးတဲ့အတွက် တိုင်းမှူးနေရာကို တိုက်ရိုက်ချိန်းလိုက်တာ။ ရာထူးမတိုးတော့တဲ့ သဘောပဲ။ အခု တိုင်းမှူးအသစ်နဲ့လည်း စစ်ခေါင်းဆောင်တွေ့ဆုံတယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ရုံးနှင့် နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တိုင်းမှူးအဖြစ် ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ပြီး၊ ယခင်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်ကိုမူ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။

ထို့ပြင် အခြားအရေးပါသည့် ရာထူးအပြောင်းအလဲများအဖြစ် ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းကို လေ့ကျင့်ရေးအရာရှိချုပ် အဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ်တင်ထွန်းအောင်ကို သေဆုံးသွားသည့် စကခ (၁၀) မှူး နေရာတွင် အစားထိုး၍လည်းကောင်း၊ တပ်မ (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထက်ကို တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းအုပ် အဖြစ်လည်းကောင်း၊တပ်မ (၁၀၁) တပ်မမှူးနေရာတွင် စကခ (၁၈) မှူး ဗိုလ်မှူးချုပ်သန့်လွင်စိုးကို ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။

ပန်းတောင်းတပ်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် စစ်ကော်မရှင်သည် အဆင့်မြင့်အရာရှိကြီးများအပါအဝင် အထိနာနေသဖြင့် ယခုကဲ့သို့ အပြောင်းအလဲများ ပြုလုပ်ကာ စစ်ရေးပြင်ဆင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ပုံစာ-တပခ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်