ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

 

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နှင့် ဖျာပုံမြို့နယ်တို့တွင် ကြံ့ခိုင်‌ရေးပါတီ (USDP) ကိုယ်စားပြု ယှဉ် ပြိုင်မည့် အမတ်လောင်းများသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပုတ်ခတ်စော်ကား၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်စည်းရုံးမှုများကို ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်ကာ ပြုလုပ် နေခြင်းဖြစ်ပြီး စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) အဖြစ် လာမည့် ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည်ဖြစ်၍ မဲထည့်ရန် စေခိုင်းနေကြောင်း သိရသည်။

“မဲလာဆွယ်တာက မဲဆွယ်တာနဲ့မတူဘဲ NLD နဲ့ အမေစုအကြောင်း အတင်းအဖျင်း လာပြောနေသလိုပဲ။ သူတို့ပါတီက နှစ်ပေါင်းများစွာ နိုင်ငံတော်အပေါ် ကောင်းအောင်လုပ်ပေးခဲ့တာလို့ ပြောတယ်။ ပြည်သူ တွေက နောက်မှတက်လာတဲ့ ပညာမတတ်တဲ့ (NLD) ပါတီကို မဲပေးခဲ့လို့ အခုလို ဒုက္ခရောက်ရတာဆိုပြီး ပြောင်းပြန်လှန် ပြောနေကြတာ” ဟု ဖျာပုံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင်လည်း လုံခြုံရေးယာဉ်တန်းများ၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ (ပျူစောထီး) ကို အင်အားအလုံးအရင်းဖြင့် အသုံးပြုကာ လုံခြုံရေးယူထားရကြောင်း ဒေသခံများက ဆိုသည်။

 

ဟောပြောပွဲများကို ၎င်းတို့၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီဝင်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနေအိမ် များတွင် ပြုလုပ်လေ့ရှိပြီး ဒေသခံများကို ခြိမ်းခြောက်၍ ဖိတ်ကြားထားသော်လည်း လူထုအများစုမှာ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

“ဖိတ်တော့ မနက်ဖြန် အစည်းအဝေးရှိတယ်ဆိုပြီး ညာဖိတ်တာ။ မဲဆွယ်ဟောပြောပွဲလို့ ပြောရင် ဘယ်သူမှမလာမှာ စိုးလို့ထင်တယ်။ ဟောပြောတော့လည်း NLD ကြောင့် ဘာသာရေးတွေ ပျက်စီး ကုန်ပြီပေါ့။ သူတို့ပါတီမှသာ ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး သာသနာထွန်းကားအောင် လုပ်နိုင်မယ်ဆိုပြီး ဘာသာရေးမှိုင်းတွေပါ တိုက်နေတာ” ဟု အဆိုပါဒေသခံက ဆက်လက်ပြောဆိုသည်။

 

ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပခဲ့သည့် မြို့နယ်များတွင် မဲပေးသူ အလွန်နည်းပါးခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီက နေရာအားလုံးနီးပါးတွင် အနိုင်ရထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

 

သို့သော် အဆိုပါရလဒ်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ယှဉ်လျှင် များစွာလျော့နည်းနေပြီး မဲမသမာမှုများရှိနေကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။

 

ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ နှင့် အိမ်မဲမြို့နယ်တို့တွင် ကျင်းပသွားမည် ဖြစ်သည်။

ပုံစာ- ဖျာပုံကြံ့ခိုင်ရေးပါတီဝင်များ