ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
ချင်းပြည်နယ် မြောက်ပိုင်း နှင့် စစ်ကိုင်းကိုင်း၊ ကလေးမြို့နယ်ကို အဓိက ဆက်သွယ်ထားသည့် ကလေး – သိုငင်း ကားလမ်းကို စစ်ကော်မရှင်တပ်မှ ပြန်လည်ဖွင့်ပေးထားသော်လည်း တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကလေး – သိုင်းငင်း ကားလမ်းကို စစ်ကော်မရှင်တပ်မှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလမှစ၍ ပိတ်ထားခြင်းဖြစ်ပြီး ယခုလ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်ဆေးမှုများတင်းကျပ်ထားပြီး ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်သားတွေ ဂိတ်တွေမှာ မှတ်ပုံတင်၊ ဖုန်းတွေ စစ်တယ်။ လူတွေကိုလည်း ဘယ်သွားမလဲ၊ ဘယ်ကလဲ ဆိုတာ စစ်ဆေးမေးမြန်းတယ်။ ဆိုင်ကယ်တွေဆိုလည်း ဖွင့်ခိုင်းပြီး စစ်ဆေးတယ်။ တချို့ ဂိတ်တွေမှာဆိုရင် ပိုက်ဆံပေးရတာတွေ ရှိတယ်”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကော်မရှင်တပ်၏ ဂိတ်များဖြစ်သည့် ကလေးမြို့အဝင် ဂိတ်၊ ခိုင်ကမ်းအထွက် ဂိတ်၊ ထေးဇန် ဂိတ်၊ ဟိန်းဇိန်ဂိတ်၊ သိုင်းငင်းဂိတ်များတွင် ကားသမားများထံမှ ငါးသောင်းကျပ်မှ တစ်သိန်းကျပ်ထိ တောင်းခံမှုများရှိကြောင်း သိရသည်။
“ကားထဲ ပစ္စည်းပါတာဖြစ်ဖြစ်၊ မပါတာဖြစ်ဖြစ် ပိုက်ဆံပေးရတယ်။ ကား ၁၂ ဘီးတွေဆိုရင် ပိုက်ဆံ ပိုပေးရတယ်။ ဂိတ်တစ်ဂိတ်ဖြတ်ဖို့ ငါးသောင်းပေးရတယ်။ ဟိန်းဇိန်ရွာက ဂိတ်မှာဆိုရင် ကားတစ်စီးကို တစ်သိန်းလောက် ပေးရတယ်” ဟု ကလေးမြို့မှ ကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေး-သိုင်းငင်း ကားလမ်းသည် ချင်းပြည်မြောက်ပိုင်းရှိ ပြည်သူများ၏ ကုန်သွယ်စီးဆင်းမှု အပါ အဝင် အထွေထွေအသုံးပြုသည့် လမ်းမကြီးဖြစ်ပြီး အဆိုပါ လမ်းကို လကြာပိတ်ထားသည့်အတွက် ချင်းပြည်မြောက်ပိုင်းတွင် ကုန်စည်နှုန်းမြင့်တက်ခဲ့သည်။
ယခုအခါ ကားလမ်းကို ပြန်လည်အသုံးပြုခွင့်ရသည့်အတွက် ချင်းပြည်မြောက်ပိုင်း မြို့နယ်များတွင် အခြေခံစားသောက်ကုန်များ ကုန်စျေးနှုန်းများ ပြန်လည်ကျဆင်းလာမည်ကို ဒေသခံပြည်သူများက မျော်လင့်လျက်ရှိကြောင်း သိရသည်။
ပုံစာ-ကလေး-သိုင်းငင်း ကိုတွေ့ရစဉ်။