ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းတိုက်နယ် အတွင်းရှိ ရပ်ကွက် နှစ်ခုကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်ရှိ အရှေ့စက်ရပ်ကွက်နှင့် ဘူတာစုရပ်ကွက်များကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ယမန်နေ့ ဇန်နဝါရီ ၈ရက် ည ၇နာရီ ၃၈မိနစ် အချိန်တွင် ငါးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Wuntho official news ထံမှ သိရသည်။
“တိုက်ပွဲဖြစ်နေတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာပါ။ ရွာအချို့မှာလည်း စစ်ကြောင်းထိုးနေပါတယ်” ဟု ဝန်းသိုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရှေ့စက်ရပ်ကွက်မှ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသွားပြီး အသက် ၆၀ကျော် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဝန်းသိုမြို့နယ်အတွင်းကို စစ်ကော်မရှင်၏ ခမရ ၁၂၀မှ အင်အား ၃၀၀ ကျော်ပါ ဘီလူးစစ်ကြောင်းက ရွာစဉ်လှည့် စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ရက် နံနက် တစ်နာရီအချိန်ခန့်က ကျွန်းတောင်ရွာကို ဘီလူးစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင်လာသည့် G12ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကာ ပြည်သူ ရှစ်ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ဓာတ်ပုံ- Wuntho Official News
ပုံစာ -ဗုံးကြဲခံရသည့် အရှေ့စက်ရပ်ကွက်မှနေအိမ်