ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

 

ပဲခူးတိုင်း(အရှေ့ခြမ်း)ရှိ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့နှင့် အုတ်တွင်းမြို့နယ်တို့ရှိ စစ်ကော်မရှင် တပ်စခန်း ၁၄ ခုကို ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်နှင့် ကျွဲပွဲကျေးရွာကြားရှိ စည်ပင်သာ စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ် သာယာကုန်းရှိ မီးရထားတံတားကင်းစခန်းနှင့် တောကျွဲအင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးပူးပေါင်းတပ်များက ဟန်ချက်ညီ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း တောကျွဲအင်းမြို့ (အောင်မြင်မြို့) ကို ခေတ္တစိုးမိုးနိုင်ခဲ့ပြီး စစ်ကော်မရှင်၏ အုပ်ချုပ်ရေး ယန္တရားရုံးများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရဲစခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ဆိုသည်။

 

“လက်ရှိကတော့ ပဲခူးတိုင်း အရှေ့ခြမ်းရော၊ အနောက်ခြမ်းရော စစ်ရှိန်မြှင့်တင်နေတဲ့ အခြေအနေမှာ ရှိတယ်။ နေ့လယ်ခင်းအထိတော့ (စစ်ကော်မရှင်ဘက်က) အလောင်းတောင် မကောက်နိုင်သေးဘူး။ ဒီညနေပိုင်းမှာတော့ သူတို့ရဲ့ ပတ်ဝန်းကျင်က ထုတ်နုတ်အင်အားတွေနဲ့ မြို့ထဲကို ပြန်ဝင်ပြီး နယ်မြေရှင်း တာမျိုးတွေ ရှိနေပါတယ်” ဟု ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် လက်ရှိတွင် ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်း မရှိသေးဘဲ ပတ်ဝန်းကျင်ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေကြောင်း သိရသည်။

တိုက်ပွဲအပြီးတွင် တောကျွဲအင်းရဲစခန်းအတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ပြည်သူ ရှစ် ဦးကို PDF တပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့သလို ညောင်လေးပင်နှင့် ပိန်းဇလုပ်အကြားရှိ လမ်းပိုင်းများ တွင်လည်း လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 

ယနေ့စစ်ဆင်ရေးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း-၉ မှလည်း ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချ တပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ယနေ့တိုက်ပွဲများကို အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်-၃၅၀၂ တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်-၃၇၀၂ တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပေါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်(ပကဖ)၊ ဖြူးမြို့နယ်(ပကဖ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

 

ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန