‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၉ရက်

‎စစ်တွေမြို့ရှိ စစ်ကော်မရှင်၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကာကင်းစခန်းအချို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူလိုက်ကြောင်း သိရသည်။

ဒကစ၏ မိုင်အနည်းငယ်အကွာရှိ ကာကင်းစခန်း နှစ်ခုကို ယနေ့ ဇန်နဝါရီ ၉ရက် နံနက်ပိုင်းတွင် AAက ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”ဒကစနဲ့ ၂မိုင်လောက်ပဲကွာတဲ့ ကာကင်းစခန်းတွေကို ဝင်သိမ်းသွားတယ်ပြောတယ်။ ကာကင်းဆို ပေမယ့် အင်အားတွေဖြည့်ထားလို့ လူအင်အားအတော်ရှိတဲ့ စခန်းတွေလို့ သိထားပါတယ်” ဟု စစ်တွေသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကာကင်းစခန်းများတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အင်အား ၃၀၀ မှ ၄၀၀အထိ ရှိနေပြီး တိုက်ခိုက် ခံရချိန်တွင် ဒဏ်ရာရနှင့် သုံ့ပန်း ၃၀ကျော် ဖမ်းမိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်၏ ဒကစ ကာကင်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်နေ့တွင် AAက ပြောက်ကျားစနစ်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့တွင် ဒကစအနီး တောကန်ကျေးရွာစခန်းကို ဒရုန်းနှင့် လက်နက်ငယ်များသုံး၍ ဝင်ရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်။

‎ဝါဘို၊ ကျားမသောက်၊ အမြင့်ကျွန်းရှိ စစ်တပ်စခန်းများကိုလည်း AAက တပြိုင်နက် တိုက်ခိုက်ထားပြီး ဒကစအတွင်းကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎AAက ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းယူထားပြီး မာန်အောင်မြို့နယ်မှလွဲ၍ ကျန်နှစ်မြို့နယ် ဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေတွင် တိုက်ပွဲဖော်ဆောင်ထားသည်။

‎ကျောက်ဖြူတွင်လည်း အဓိကတပ်စခန်းများကို ဦးတည်တိုက်ခိုက်နေပြီး မြို့နှင့်အနီးဆုံးရှိ စစ်စခန်းများ ကိုလည်း ထိုးစစ်ဆင်ထားကြောင်း သိရသည်။