ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ရက်
ဧရာဝတီတိုင်းအတွင်း စစ်ကော်မရှင်က တစ်ဖက်သပ် ပြုလုပ်မည့် ဒုတိယအသုတ် ရွေးကောက်ပွဲတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် သာပေါင်းမြို့နယ်အပါအဝင် မြို့နယ် ကိုး ခုကို ထည့်သွင်းထားကြောင်း သိရသည်။
လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် အပိုင်း (၂) ရွေးကောက်ပွဲတွင် ကျောင်းကုန်း၊ ကန်ကြီး ထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မနှင့် အိမ်မဲမြို့နယ်များ ပါဝင်နေခြင်းဖြစ်သည်။
လက်ရှိတွင် သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး ဒေသခံများမှာ မြို့ပေါ်သို့ စစ်ဘေးရှောင်နေကြရသည်။

”သာပေါင်းမြို့ပေါ်မှာ စစ်ဘေးရှောင်လာသူတွေရှိတယ်။ အချို့မြို့နယ်တွေတော့ ကိုယ့်နေရပ် ကိုယ်ပြန်ပြီး မဲပေးခိုင်းတယ်ပေါ့။ ကျွန်တော်တို့က မဲပေးဖို့စိတ်မဝင်စားတော့ သွားမမေးမိဘူး။ စစ်ရှောင်တွေလည်း သွားမေးမယ်မထင်ဘူး။ မဲမထည့်ရလေ ကောင်းလေပဲ။ အယုံအကြည်မရှိဘူး” ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သာပေါင်းမြို့နယ်ရှိ သစ်ဝမ်းပူ၊ သဲဖြူ၊ မရမ်းကျင်းနှင့် သာပေါင်းလေး ကျေးရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး နေ့စဉ်နီးပါး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေသဖြင့် ကျေးရွာအများစုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
အဆိုပါကျေးရွာများနှင့် ဆက်စပ်နေသည့် ကျေးရွာအများစုသည်လည်း သာပေါင်းမြို့ပေါ်အထိ စစ်ရှောင် ထွက်ပြေးနေကြရသည်။
စစ်ကော်မရှင်သည် သာပေါင်းတိုက်ပွဲမှ ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ပုသိမ် စစ်မြေပြင် တပ်ရင်း မဆရ-၄ သို့ အရေးပေါ်ပို့ဆောင်နေရပြီး ရှေ့တန်း၌ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိကြောင်း သိရသည်။
ပုံစာ-သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း