ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ကျားသစ်နက်တပ်မတော်ထံ စစ်ကော်မရှင်၏ အတင်းအဓမ္မ စစ်မှုထမ်းရန် ခိုင်းစေခြင်းခံခဲ့ရသူ လူငယ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက် ခဲ့ကြောင်း သိရသည်။

 

ထိုသို့အလင်းဝင်ရောက်လာသူမှာ ညီညီဖြိုး ဆိုသည့် လူငယ်တစ်ဦးဖြစ်ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကင်းတာဝန်ကျနေစဉ်အတွင်း ထွက်ပြေးလာကာ ကြိုတင် ချိတ်ဆက် ထားသည့် ကျားသစ်နက်တပ်မတော်ထံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

 

၎င်းနှင့်အတူ 5.56 ကျည် ၁၃၀ တောင့်၊ ဗုံးသီး တစ်လုံး၊ နင်းမိုင်း တစ်ခုနှင့် MA-1 ကျည်ဘောက် သုံး ခုတို့ ပါရှိလာခဲ့သည်။

“သူ့ကို ထောက်ပံ့ကြေးတွေပေးပြီး မိဘတွေဆီကို လုံခြုံစွာ ပြန်ပို့ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ကောင်းမွန်စွာ စောင့်ရှောက်အပ်နှံပေးခဲ့ပါတယ်” ဟု ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ညီညီဖြိုးသည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ရွှေမျှောလုပ်ကိုင်နေစဉ် စစ်ကော်မရှင်တပ်၏ အဓမ္မဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ကလေးမြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရကာ စစ်မှုထမ်းရန် ခိုင်းစေခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

 

“မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရတဲ့ လူငယ်တွေအနေနဲ့ ဘက်ပြောင်းခိုလှုံလိုရင် ကျွန်တော်တို့ ကျားသစ်နက်တပ်မတော်က ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ပေးမှာပါ။ ဆက်သွယ်လိုရင်လည်း အမြဲတမ်း ကြိုဆိုနေပါတယ်” ဟု ကိုဥက္ကာက ဆက်လက်ပြောကြားသည်။

 

စစ်ကော်မရှင်သည် ၂၀၂၄ ခုနှစ်မှစတင်ကာ လူငယ်များကို အတင်းအဓမ္မစုဆောင်း၍ စစ်မှုထမ်းခိုင်း နေသော်လည်း မြေပြင်တွင် ရှေ့တန်းပို့ခံရသည့် လူငယ်အများစုမှာ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံလျက်ရှိသည်။

 

ဓာတ်ပုံ-ပေးပို့
ပုံစာ-ကျားသစ်နက်တပ်မတော်ထံ အလင်ဝင်သည့် ပြည်သူ့စစ်မှုထမ်း ညီညီဖြိုး