ဧရာဝတီတိုင်းမ်
(ပြည်)၊ ဇန်နဝါရီ ၈ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက် ခံတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် လေး ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ‌ရွှေတောင်ကုန်းစစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၆ ရက်နေ့၊ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်သား သုံး ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကူပေးရန်လာသည့် ရွှေကြို့ပင်စစ်ကော်မရှင် ဂိတ်စခန်းမှတပ်ဖွဲ့ဝင်များကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိပြီး တိုက်ခိုက်မှုများအတွင်း သေဆုံးဒဏ်ရာရတပ်ဖွဲ့ဝင်များကို ရွှေ တောင်မြို့ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“လက်ရှိစစ်ရေးအခြေအနေကတော့ အဲ့နေရာ‌တွေ(စစ်ကော်မရှင်ဂိတ်စခန်း)မှာတော့ အင်အားတိုးမြှင့် ချထားတာရှိတာပေါ့နော်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ပေါင်းတည်မြို့နယ်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က ပေါက်တောရွာအခြေစိုက် ခမရ-၁၀ တပ်ရင်းမှ နယ်မြေရှင်းလင်းရေးလုပ်ရန်ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန် ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ် ဦးသေဆုံးပြီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပေါင်းတည်ဘက်က ပေါက်တောမှာရောက်နေတဲ့စကမတွေက မနေ့ကပြန်ဆုတ်သွားတယ်။ ပြန်ဆုတ် ပြီးတော့မှ မင်းလှဘက်ဖြစ်တဲ့နေရာတွေ စစ်ကူသွားတယ်။ အဲ့တာတော့ရှိတယ်။ ညဘက်ညဘက်ဆိုရင် ဟောင်ဝစ်ဇာနဲ့ ပေါက်တော ခမရ-၁၀ ထဲကရမ်းသန်းပစ်တာရှိတယိ” ဟု ရဲဘော်ရှဲဒိုးက ဆက်လက် ပြောသည်။

လက်ရှိတွင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေတင်းမာလျက်ရှိပြီး နတ်တလင်း၊ ဇီးကုန်း၊ မင်းလှ စသည့်မြို့နယ်များတွင်လည်း စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပြည်ခရိုင်အတွင်းရှိတိုက်ပွဲများကို ဗျူဟာ(၂၁) ကွပ်ကဲမှု့အောက်ရှိ ပြည်ခရိုင် အမှတ်(၁) ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ-၁၊ တပ်ခွဲ-၅ နှင့် သဲကုန်းမြို့နယ်(ပကဖ) တို့မှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ – ပေးပို့