ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်အုပ်စု၏ တစ်ဖက်သတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် သည့် ပြည်သူ့ပါတီ (PP) ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို မဲဆွယ်ဟောပြောစဉ် “တော်လှန်ရေး” အကြောင်း ထည့်သွင်းပြောဆိုမှုဖြင့် ယနေ့ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးလွင်မြင့်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အပြီးသတ်အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။
ဦးလွင်မြင့်က ၎င်း၏မိသားစုမှာ နိုင်ငံရေးမျိုးဆက် သုံး ဆက်တိုင် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ခဲ့ကြောင်း၊ ၎င်း၏ဖခင်မှာ အာဏာရှင်စနစ်ကို တော်လှန်ခဲ့သည့် ကိုကိုးကျွန်းပြန် နိုင်ကျဉ်းဖြစ်သလို ၎င်းကိုယ်တိုင်မှာလည်း ၈၈ အရေးတော်ပုံကြောင့် ထောင်ကျခဲ့သူဖြစ်ကြောင်း မဲဆွယ်ဗီဒီယိုတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် ၎င်း၏သားဖြစ်သူ ကိုသန်းထိုက်ဦးမှာလည်း ၂၀၂၁ အရေးတော်ပုံအတွင်း ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသည့် အခြေအနေများကို ထည့်သွင်းပြောဆိုကာ ၎င်းကို ယုံကြည်စွာ မဲပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်ဆိုရင်လည်း ၈၈ နောက်ပိုင်း ကျောင်းသားခေါင်းဆောင်များနဲ့အတူ အင်းစိန်ထောင်၊ သရက်ထောင်တွေမှာ ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်တယ်။ ကျွန်တော့်သား ကတော့ အခု ၂၀၂၁ ဒီအရေးတော်ပုံမှာ ထပ်မံပြီးတော့ ကျခဲ့တာ” ဟု ဦးလွင်မြင့်က ၎င်း၏ မဲဆွယ် ဟောပြောမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။
စစ်အုပ်စုက ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတသည်ဟု ဝါဒဖြန့်နေသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများပင်လျှင် ၎င်းတို့၏ နိုင်ငံရေးဖြတ်သန်းမှုနှင့် “တော်လှန်ရေး” ဆိုင်ရာ စကားလုံးများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိဘဲ ဖမ်းဆီးထောင်ချ ခံနေရခြင်း ဖြစ်သည်။
ဦးလွင်မြင့်၏ သားဖြစ်သူ ကိုသန်းထိုက်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး လွန်ခဲ့သည့် လပိုင်းကမှ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
ဓာတ်ပုံ – ဦးလွင်မြင့် (နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ကိုယ်စားလှယ်လောင်း)