ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ပို့ကုန်ရငွေများကို စစ်ကော်မရှင်၏ ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် မဖြစ်မနေ လဲလှယ်ရမည့် ရာခိုင် နှုန်းအား ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါ လျှော့ချမှုသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ အကျိုးသက်ရောက်မှုရှိမည် ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်၏ ဗဟိုဘဏ်သတ်မှတ်ဈေးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်နှုန်းသာရှိပြီး ပို့ကုန်တင်ပို့သူများသည် ၎င်းတို့ရရှိသည့် ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကို ယင်းဈေးဖြင့် လဲလှယ် ပေးရမည်ဖြစ်သည်။
ကျန်ရှိသည့် ပို့ကုန်ရငွေ ၈၅ ရာခိုင်နှုန်းကိုမူ ပို့ကုန်လုပ်ငန်းရှင်များက ကိုယ်တိုင်အသုံးပြုခြင်း သို့မဟုတ် ဘဏ်များမှတစ်ဆင့် ပြင်ပပေါက်ဈေးနှင့်နီးစပ်သော ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
“Export သမားတွေအတွက်တော့ အရင်ထက် နည်းနည်းပိုချောင်သွားနိုင်တယ်။ ဒါပေမဲ့ အဓိက ဖြေလျှော့ပေးရမှာက ကုန်ပစ္စည်းသွင်းနိုင်ဖို့ သွင်းကုန်လိုင်စင်တွေ များများချပေးဖို့ပါ။ အခုက ဘာလိုင်စင်မှ မချပေးဘူး။ ပို့ကုန်ရငွေနဲ့ ပစ္စည်းတွေ ပြန်သွင်းနိုင်မှ စီးပွားရေးက လည်ပတ်မှာ” ဟု သွင်းကုန်/ထုတ်ကုန် လုပ်ကိုင်နေသည့် ကိုယ်စားလှယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေသည့် စစ်ကော်မရှင်သည် ပို့ကုန်ရငွေများကို အဆင့်ဆင့် ထိန်းချုပ်ထားပြီး ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်ဈေးဖြင့် သိမ်းယူခဲ့ဖူးသည်။ ထို့နောက် ၅၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းမှ ယခုအခါ ၁၅ ရာခိုင်နှုန်းအထိ အဆင့်ဆင့် လျှော့ချလာခြင်း ဖြစ်သည်။
လက်ရှိတွင် ပြင်ပဈေးကွက်ရှိ ဒေါ်လာပေါက်ဈေးနှင့် စစ်ကော်မရှင်၏ သတ်မှတ်ဈေး ၂,၁၀၀ ကျပ်မှာ ကွာဟချက် အလွန်ကြီးမားနေဆဲဖြစ်ပြီး ပြင်ပတွင် လက်ရှိတစ်ဒေါ်လာပျမ်းမျှပေါက်စျေးမှာ ၄၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်