ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

မန္တလေးတိုင်း၊ မြင်းခြံတွင် ကင်းပတ်လာသည့် စစ်ကော်မရှင်တပ်သားများကို Myingyan Black Tiger တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့အနောက်ဘက်ပိုက်တဲကုန်းကျေးရွာအနီးသို့ ကင်းပတ်လာသည့် စစ်ကော်မရှင်တပ်သားများ ကို ဇန်နဝါရီ ၆ ရက် ည ၈ နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

“ဒီလိုမျိုး နောက်ပိုင်းခပ်စိပ်စိပ်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့အကောင်းဆုံးကြိုးစားနေပါတယ်။ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ ဒီအတွက်လည်း အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ တော်လှန်ရေးရေချိန်က အနိမ့်အမြင့်အတက်အကျရှိပါတယ်။ အရှုံးမပေးသရွေ့ ကျွန်တော်တို့မရှုံးပါဘူး”ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ထံမှ MA1 သေနတ် ၁ လက်နှင့်အတူ ခဲယမ်းအချို့အား MBT တပ်မှ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနှင့်အတူ MGN အညာ သားပြောက်ကျားတပ်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၅ နာရီခန့်ကလည်း မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင် ပင်ဂိတ်ကို MBTတပ်နှင့် မဟာမိတ်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသည့် စစ်ကူတပ်ကိုကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဗိုလ်မိုက်ခဲကဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်မှ ၁၀ ဦးသေ ဆုံးခဲ့ပြီး နှစ် ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ကာ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနှင့်အတူ Onemore စစ်ကြောင်း၊ မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLKတပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Myingyan Black Tiger