နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စစ်ကော်မရှင်က ပြုလုပ်သည့် တစ်ဖက်သတ် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ရပ်ကွက် သုံးခုတွင်သာ မဲပေးမှုလုပ်ဆောင်နိုင်ခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီ(USDP)သည် မဲရုံမဲထက် ငါး ဆခန့် ပိုများသော ကြိုတင်မဲများဖြင့် အနိုင်ရသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သော အဆိုပါ ရွေးကောက်ပွဲတွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအုပ်စု ၅၉ ခုအနက် သံတောင်ကြီးမြို့ပေါ်ရှိ အမှတ် (၄)၊ အမှတ် (၅) ရပ်ကွက်နှင့် လိပ်သိုမြို့ရှိ အမှတ် (၁) ရပ်ကွက် စုစုပေါင်း သုံးရပ်ကွက်တွင်သာ မဲရုံဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။
သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၉၃,၆၄၂ ဦး ရှိသော်လည်း ယခုရွေး ကောက်ပွဲတွင် စုစုပေါင်း မဲပေးသူ ၂,၅၀၀ ကျော်သာ ရှိခဲ့သည်။ မဲရုံများကိုလည်း မြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)၊ ခလရ-၁၂၄ နှင့် လိပ်သိုမြို့အခြေစိုက် ခမရ -၆၀၃ တပ်ရင်းဝင်းအတွင်း၌သာ ဖွင့်လှစ်ခဲ့သည်။
“ပြည်သူတွေကတော့ ဒီရွေးကောက်ပွဲကို လုံးဝလက်မခံလို့ ဆန့်ကျင်နေကြတာ။ တပ်တွင်း အသိုင်းအဝိုင်းနဲ့ Non-CDM ဝန်ထမ်းတွေ၊ ပြီးတော့ ဖိအားပေးခံရတဲ့သူတွေပဲ မဲသွားပေးကြတာပါ။ ဒါကို စစ်ကော်မရှင်ကတော့ ပွင့်လင်းမြင်သာတယ်လို့ ဝါဒဖြန့်နေတာပဲ” ဟု အပိုင်း(၁) ရွေးကောက်ပွဲတွင် သွားရောက်မဲထည့်ခဲ့ခြင်းမရှိသူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မဲရလဒ် ထုတ်ပြန်ချက်များအရ ကြံ့ခိုင်ရေးပါတီသည် မဲရုံမဲ ၃၄၀ သာ ရရှိခဲ့သော်လည်း ကြိုတင်မဲ ၁,၆၆၁ မဲ အထိ ရရှိခဲ့ကာ အခြားပြိုင်ဘက်ပါတီများကို အပြတ်အသတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မဲရုံမဲ ၅၅၂ မဲနှင့် ကြိုတင်မဲ ၁,၉၆၀ မဲသာ ရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကော်မရှင်ကမူ ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက် (သံတောင်ကြီးမြို့နယ် မြင်ကွင်း)