‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၇ရက်

‎မြို့သိမ်းတိုက်ပွဲအတွက် စစ်ဆင်ရေးအရှိန်မြှင့်လိုက်ပြီးနောက် KIAက စစ်ကော်မရှင်တပ်များကို စစ်ရေးအရ အသာစီးယူ ထိုးစစ်ဆင်နေကြောင်း သိရသည်။

‎ယခု ဇန်နဝါရီ ပထမပတ်အတွင်းတွင် စစ်ကော်မရှင်၏ သံချပ်ကားယာဉ်တစ်စီးနှင့် Heavy droneတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရသည်။

‎”ဗန်းမော်တိုက်ပွဲ အခြေအနေကောင်းတယ် KIAဘက်က ဆက်တိုက်ထိုးစစ်မှာ စစ်တပ်အထိနာနေတယ်လို့ သတင်းပြန်ရောက်ပါတယ်” ဟု ကချင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် ခရစ္စမတ်ကာလက ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်မြှင့်တင်လိုက်ပြီးနောက် စစ်ကော်မရှင်၏ ခလရ ၄၇တပ်ရင်းနှင့် စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၆၄၁တို့ကို KIAက သိမ်းယူနိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ နည်းဗျူဟာမှူးနှင့် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့ပါ သေဆုံးခဲ့သည်။

‎မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် KIA၏ထိုးစစ်ဆင်မှုကို စစ်ကော်မရှင်က ဒရုန်းတပ်ဖွဲ့နှင့် အဓိကထား ကာကွယ်တိုက်ခိုက်နေသော်လည်း heavy droneကိုပင် KIAက ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။

‎မြို့သိမ်းတိုက်ပွဲ တစ်နှစ်ကျော်ကြာလာပြီးနောက် တိုက်ပွဲကို အရှိန်မြှင့်ကာ ထိုးစစ်ဆင်လာခဲ့ရာ တိုက်ပွဲ ဧရိယာ ပိုမိုကျယ်ပြန့်လာပြီး စစ်ကော်မရှင်ထောက်ပို့လမ်းကြောင်းများကိုပါ ဖြတ်တောက်နိုင်ခဲ့သည့်အတွက် စစ်ကော်မရှင်မှာ စစ်ကူနှင့် ခဲယမ်း၊ ရိက္ခာကို လေကြောင်းမှပို့နေရကြောင်း သိရသည်။

‎ဗန်းမော်ထိုးစစ်အပြင် ကသာမြို့သိမ်းတိုက်ပွဲကိုပါ KIAက ဖော်ဆောင်လာပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ရက်က မြို့ရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

‎ဒီဇင်ဘာ ၂၉ရက်တွင်ကသာမြို့ ကားကြီးကွင်းနှင့် မြို့အဝင်ဂိတ်ရှိ အထိုင်ချစခန်းတစ်ခုကိုပါ KIAနှင့် KPDFအဖွဲ့များက သိမ်းယူခဲ့သည်။