ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ရက်
စစ်တွေမြို့နယ်အတွင်းရှိ စစ်ကော်မရှင်စခန်းများကို အာရက္ခတပ်တော် (AA) က ဒရုန်း၊ လက်နက် ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်သည့်အပြင် ပြောက်ကျားစနစ်ဖြင့် လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက် နေကြောင်း သိရသည်။
စစ်တွေရှိ စစ်ကော်မရှင်၏ တပ်ထိန်းတပ်ရင်းနှင့် ရဲတပ်ရင်း (၁၂) အတွင်းကို ယနေ့ ဇန်နဝါရီ ၇ရက်နေ့ နံနက် ၈နာရီအချိန်ခန့်မှစတင်ကာ AAက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
”လက်နက်ကြီးပစ်ခတ်မှုတွေကတော့ အမြင့်ကျွန်းဖက်မှာ ပုံမှန်လို ဖြစ်နေပေမယ့် ဒီရက်ပိုင်းမှာတော့ သေနတ်သံတွေပါ ကြားလာရတယ်။ ပုဏ္ဏားကျွန်းဘက်ကို စစ်တပ်က အမြဲလို လက်နက်ကြီးပစ်တယ်။ AA ကလည်း စစ်တွေတပ်ရင်းတွေကို ပြန်ပစ်တာမျိုးရှိတယ်။ အခုရက်ပိုင်း တိုက်ပွဲဖြစ်လာတယ် ပြောပါတယ်” ဟု စစ်တွေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ယမန်နေ့ ဇန်နဝါရီ ၆ရက်နေ့ကလည်း တောကန်ရှိ စစ်ကော်မရှင်စခန်းကို ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ထားပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ရှိကြောင်း သိရသည်။
AA သည် စစ်တွေရှိ ဝါဘို၊ ကျားမသောက်၊ အမြင့်ကျွန်းတို့မှ စစ်စခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်နေ့မှစတင်ကာ ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များ ၏ ပြောကြားချက်အရသိရသည်။
ကျားမသောက်ရှိ စစ်တပ်စခန်းများမှာ စစ်တွေ ဒေသကွပ်ကဲမှုဆိုင်ရာ ဌာနချုပ် ဒကစနှင့် နီးကပ်နေပြီး ဒကစ အတွင်းကိုပါ AA ၏ လက်နက်ကြီး ချိန်ရွယ်ပစ်ခတ်မှုများရှိပြီး ရည်မှန်းချက်အတိုင်း ထိမှန်မှု ရှိကြောင်း သိရသည်။
AA ဝင်ရောက် တိုက်ခိုက်ထားသည့် ကျားမသောက်တွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စအရ ၉၀၈ ရှိနေပြီး အမြင့်ကျွန်း၊ ပါဒလိတ်တို့နှင့် ဆက်သွယ်ရေး ဖြတ်တောက်နိုင်သည့်နာရီကန်တံတားပါရှိကြောင်း သိရသည်။
ထို့အပြင် မြို့ကို ကင်းလှည့်ပတ်နေသည့် စစ်ကော်မရှင်ယာဉ်တန်းကို AA က ဒရုန်းဖြင့်တိုက်ခိုက်ရာ ကားတစ်စီးထိမှန်ပြီး လိုက်ပါလာသူများအနက် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
စစ်ကော်မရှင်သည် စစ်တွေမြို့တည် နှစ် ၂၀၀ပြည့်အတွက် မြို့အတွင်း လုံခြုံရေး ထူထပ်စွာချထားပြီး အင်အားတိုးချဲ့မှုများပြုလုပ်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်