ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

 

စစ်ကော်မရှင်၏ ဟန်ပြရွေးကောက်ပွဲအပိုင်း (၁) တွင် မဲပေးစက်များ အားနည်းချက်ရှိကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကြီကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဝန်ခံထားသည်။

 

နေပြည်တော်တွင် ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့က ကျင်းပသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်းဝေးတွင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မဲပေး စက်ပိုင်းဆိုင်ရာ အားနည်းချက်များ၊ လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းများ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပြုအဖွဲ့များ လုံလောက်စွာထားရှိနိုင်ရန်လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုသည်။

 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပရန် ကြေညာထားသည့် မြို့နယ်များအတွင်း မဲပေးစက်ပျက်သည့် မဲရုံအများအပြားရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

 

“ဧည့်စာရင်းနဲ့နေတယ်ဆိုတာ သိနေလို့ မဲမပေးမဖြစ်မို့ သွားပေးလိုက်ရတယ်။ ကျွန်မ မဲပေးတုန်းက စက်ကကောင်းတယ်။ ခလုတ်နှိပ်ပြီး ပြောစာထွက်တဲ့အထိစောင့်ကြည့်တယ်။ နောက်ခဏနေတော့ စက်ပျက်သွားတယ်။ မဲရုံရှေ့စောင့်ကြည့်နေတုန်း။ စက်တွေလည်းအပိုမရှိဘူး။ ‌အချိန်ကြာတာပေါ့ ” ပုသိမ်မြို့နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စစ်ကော်မရှင်က ၎င်းတို့ရွေးကောက်ပွဲအတု၏ လုပ်ငန်းစဉ်များကို ပျက်ပြားစေသည် ဟုဆိုကာ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၃၃၅ ဦး အရေးယူထားသည်။

 

စစ်ကော်မရှင်၏ တစ်ဖက်သပ် ရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက် နှင့် အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

ဓာတ်ပုံ – MOI