ဧရာဝတီတိုင်းမ်
(မြို့သစ်)၊ ဇန်နဝါရီ ၇ ရက်

 

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်း စစ်အုပ်စု၏ တစ်ဖက်သပ် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် နယ်လှည့်စစ်ဆေးရန် လာသည့် နေပြည်တော်မှ စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူး၊ စခန်းမှူးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး၏ ကိုယ်ရေးအရာရှိ အပါအဝင် ရှစ် ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်မှထွက်ခွာလာသည့် ကား လေးစီးပါ စစ်ကော်မရှင် အထူးယာဉ်တန်းကို ယမန်နေ့ ဇန်နဝါရီ ၆ ရက်၊ မွန်းလွဲပိုင်းတွင် မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီးရှိ ကန်ပြားလမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးနေသည့် အဆိုပါယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့သစ်မြို့နယ် ရဲမှူး၊ စခန်းမှူးတို့အပြင် နေပြည်တော်မှ လိုက်ပါလာသူများအပါအဝင် ၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

“တိုက်ပွဲပြီးတဲ့အချိန်မှာ Dead Body တွေနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ကား (Ambulance) တွေနဲ့ လာသယ်သွားတယ်လို့ သိရတယ်။ အခုက နေပြည်တော်နဲ့လည်း နီးတဲ့အတွက် အင်နဲ့အားနဲ့ နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်” ဟု နေပြည်တော်တိုင်းစစ်ဌာန၊ တိုင်းကွပ် ကဲရေးမှူး ရဲဘော်လက်ျာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်ခံရသည့် ယာဉ်တန်းတွင် စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အချို့နှင့် တိုင်းအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လိုက်ပါ လာပြီး မကွေးတိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်မည့် မြို့နယ် ၁၁ မြို့နယ်ကို စစ်ဆေးရန်လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်တစ်ဦး၏ ကိုယ်ရေး အရာရှိ ဦးအောင်ကျော်သူ ဆိုသူလည်း သေဆုံးခဲ့ကြောင်းသိရသည်။ ဦးအောင်ကျော်သူသည် နေပြည်တော် လယ်ဝေးမြို့မှဖြစ်သည်။

 

တိုက်ခိုက်မှုအတွင်း ယာဉ်တန်းပါ ကား သုံး စီး ပျက်စီး၍ ကျန်ကား တစ် စီးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး G-3 သေနတ် နှစ် လက်၊ ကျည် ၁၆၁ တောင့်နှင့် ကျည်အိမ် သုံး ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါစစ်ဆင်ရေးကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇)၊ တပ်ရင်းအမှတ် (၉၀၃) က ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ဟန့်တားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့