ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်အတွင်းရှိ ဥသျှစ်ပင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) မှ စကခမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်နှင့် ဗိုလ်ကြီးနှစ်ဦး အပါအဝင် အင်အား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် ဗိုလ်မှူးကြီး ဟန်လင်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၃ မှ ဖြစ်ပြီး ကော့သောင်းအခြေစိုက် စစ်ဗျူဟာအဖွဲ့မှနေ၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းက စကခ-၁၀ မှူးအဖြစ် ရာထူးတိုးမြှင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် ညောင်ကျိုးဒေသ ၆၆၆ စစ်တပ်ကုန်းအနီးရှိ စစ်ကော်မရှင်စစ် ကြောင်းကို အာရက္ခတပ်တော် (AA) ကွန်မန်ဒိုစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရခိုင်အခြေစိုက် သတင်းဌာနများကို အတည်ပြု ပြောဆိုထားသည်။

စစ်ကောင်စီသည် ပန်းတောင်းတပ်နယ်အတွင်း တိုက်ပွဲများအတွက် စစ်ကိုင်းတိုင်း ကလေးနှင့် ဖောင်းပြင်မြို့နယ်များရှိ ခြေမြန်တပ်ရင်းများမှ အင်အားများကို ပို့ဆောင်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် AA နှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်နှင့် ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများတွင် စစ်ကော်မရှင်ဘက်မှ အင်အားအမြောက်အမြား ပြုန်းတီးလျက်ရှိသည်။

သို့သော်လည်း စစ်ကော်မရှင်သည် အဆိုပါ ရှေ့တန်းစစ်မျက်နှာများသို့ စစ်မှုထမ်းတပ်သားသစ်များ၊ ရခိုင်နှင့် ရှမ်းမြောက်မှ တပ်ပျက်လာသည့် အကြွင်းအကျန်များနှင့် ရန်ကုန်ရှိ ထုတ်နုတ်တပ်များမှ အင်အားများကို ဆက်တိုက် စစ်ကူပို့ဆောင်နေကြောင်း သိရသည်။

ပုံစာ-ဗိုလ်မှူးကြီး ဟန်လင်းအောင်