ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

စစ်ခေါင်းဆောင်အား စစ်ရေးနှင့်ပတ်သက်၍ တင်ပြပုံမှားယွင်းသည်ဟုဆိုကာ စစ်ဘက်ရာထူးမှ အနားပေးခံခဲ့ရသည့် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် ကို တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို ယနေ့ ဇန်နဝါရီ ၆ ရက်နေ့တွင် တရုတ်နိုင်ငံသံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်သည် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေရသဖြင့် လေယာဉ်မှူးများ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်၍ အနားပေးရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်ကို တင်ပြခဲ့သည့်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ဘက် ရာထူးမှ အနားပေးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခံခဲ့ရပြီးနောက် ယခုအခါ တရုတ်နိုင်ငံသံအမတ် အဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

သို့သော် စစ်ကော်မရှင်နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်အချို့၏ အဆိုအရ အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို လာဘ်ပေးလာဘ်ယူမှု၊ စစ်ရေးရှုံးနိမ့်မှုများဖြင့် စစ်ဆေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ရာထူးမှ အနားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၏နေရာတွင် ဗိုလ်ချုပ် ထွန်းဝင်း ကို စစ်ဦးစီးအရာရှိချုပ် (လေ) အဖြစ် အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။

ပုံစာ-ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်