ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်
တရုတ်နိုင်ငံ၊ ဖူကျင်းပြည်နယ်မှ အင်တာနက်ဆယ်လီ (Influencer) အမျိုးသမီးငယ်တစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည့် အိမ်ခြေရာမဲ့တစ်ဦးအဖြစ် ပြန်လည်တွေ့ရှိခဲ့ရကြောင်း တရုတ်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
၀ူမိုကျန်း (Wu Mouzhen) အမည်ရှိ အဆိုပါအမျိုးသမီးငယ်သည် တရုတ်ပြည်တွင်းသုံး TikTok (Douyin) တွင် Follower ငါးသောင်းကျော်ရှိသည့် အင်တာနက်ဆယ်လီတစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယား တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသည့်မက်လုံးကို ယုံကြည်၍ သွားရောက်ခဲ့ရာမှ ယခုကဲ့သို့ အခြေအနေဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ကမ္ဘောဒီးယားရှိ လမ်းမများပေါ်တွင် X-ray ဖလင်ပြားတစ်ချပ်ကိုင်ဆောင်လျက် ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် စိတ်အခြေအနေ မမှန်ဘဲ လျှောက်သွားနေသည့် ၀ူမိုကျန်း ကို တွေ့ရှိခဲ့ရပြီးနောက် အဆိုပါရုပ်သံဖိုင်မှာ လူမှုကွန်ရက်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်။ လက်ရှိတွင် ၎င်းအား ကမ္ဘောဒီးယားရှိ တရုတ်သံရုံးနှင့် ချိတ် ဆက်ပေးထားပြီး ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

ဆေးရုံ၏ စစ်ဆေးချက်များအရ ၀ူမိုကျန်း သည် အဆုတ်ပိုးဝင်ကာ ပြင်းထန်စွာ ဖျားနာနေပြီး သူမ၏ခန္ဓာကိုယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲထားသည့် အကြွင်းအကျန်များကိုလည်း စစ်ဆေးတွေ့ရှိ ကြောင်း သိရသည်။
၀ူမိုကျန်း က ချစ်သူဖြစ်သူ၏ ဖိတ်ခေါ်မှုကြောင့် ကမ္ဘောဒီးယားသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း တွင် လမ်းခွဲခဲ့ရကာ ကျန်းမာရေး ဆိုးရွားလာသည့်အတွက် အခန်းရှင်က နှင်ထုတ်ခဲ့၍ လမ်းပေါ်ရောက် ခဲ့ရခြင်းဖြစ်ကြောင်း မီဒီယာအင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
တရုတ်ရဲတပ်ဖွဲ့၏ စုံစမ်းချက်များအရ လက်ရှိတွင် သူမသည် စိတ်ဝေဝါးနေသည့် အခြေအနေရှိနေပြီး စားပွဲထိုးအလုပ် လုပ်ကိုင်ခဲ့သည်ဟု ဆိုသော်လည်း မည်သည့်နေရာတွင် လုပ်ကိုင်ခဲ့သည်ကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။
ထို့ကြောင့် ၀ူမိုကျန်းသည် လူကုန်ကူးခံရခြင်း သို့မဟုတ် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများတွင် ခိုင်းစေခံရ ခြင်း ရှိ၊ မရှိကိုမူ တိကျစွာ ပြောဆိုနိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် သူမ၏ ကျန်းမာရေးအခြေအနေ တည်ငြိမ်လာသည်အထိ ဆေးကုသမှု ဆက်လက်ခံယူစေ မည်ဖြစ်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်ပါက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – China News Weekly