ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

 

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကော်မရှင်က အကျဉ်းသား ၆၁၃၄ ဦးကိိုလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သော်လည်း ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား မပါဝင်သလောက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သတ်သည့် အဖွဲ့အစည်းများထံမှ သိရသည်။

 

စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသားများအပေါ် ပြစ်ဒဏ်ချမှတ်လေ့ရှိသည့် ပုဒ်မများဖြစ်သည့် မတရားအသင်းများအက်ဥပဒေ၊ လက်နက်နှင့်ဆိုင်သည့်ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ စသည့်ဥပဒေများဖြင့် အကျဉ်းကျခံရသူများမှအပ အခြားပြစ်ဒဏ်ကျအကျဉ်းသားများကို လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့အဖွဲ့အစည်းရဲ့စောင့်ကြည့်မှုအရ ပြည်နယ်နဲ့တိုင်းတော်တော်များများမှာ နိုင်ငံရေးအကျဉ်း သားတွေ လွတ်မြောက်လာမှု မရှိတာကို တွေ့ရတယ်။ ဒီလိုအခြေအနေကို ဒီတစ်ခေါက်မှာ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်လာဘူးလို့ ပြောနိုင်လောက်အောင် အထိတွေ့ရတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ဟု သတ်မှတ်ထားသည့် ဥပဒေများနှင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားကို လွှတ်ပေးခြင်းမရှိသည့်အပြင် ရွေးကောက်ပွဲ ဥပဒေကဲ့သို့ အခြားဥပ‌ဒေပုဒ်မအသီးသီးဖြင့် ပြစ်ဒဏ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ ကိုလည်း လွှတ်ပေးခြင်းမရှိကြောင်း သိရသည်။

 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် ၅၀၅ ဖြင့်အကျဉ်းကျခံထားရသူများထဲတွင်လည်း စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သာ ပြန်လည်လွတ်မြောက်ခဲ့ပြီး နာမည်ကျော်အနုပညာရှင်များ ထဲတွင်လည်း အီလက်ထရောနစ်ဥပဒေဖြင့် အကျဉ်းကျခံနေရသည့် မော်ဒယ်နန်းမွေစံ သာပါဝင် ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံရေး အကျဉ်း သားများ လုံးဝမပါဝင်စေရန် စစ်ကော်မရှင်က အစည်းအဝေးခေါ်ယူကာ ကြိုတင်ပြင်ဆင် ခဲ့ကြောင်း တပ်သတင်းအရင်းအမြစ်ထံမှ သိရသည်။

 

စစ်ကော်မရှင်က အာဏာသိမ်းထားသည့် လေးနှစ်ကျော်ကြာကာလ ယနေ့ ဇန်နဝါရီ ၆ ရက်နေ့အထိ ၎င်းတို့ မတရားဖမ်းဆီးခဲ့သူ ၃၀,၂၂၉ ဦးရှိပြီး ၂၂,၆၉၀ ဦးမှာ လက်ရှိအချိန်အထိ ဖမ်း‌ဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်