ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

 

ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်၊ ဥသျှစ်ပင်မြို့နယ်တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ စစ်ကြောင်း ဦးဆောင်သူနှင့် ဗိုလ်ကြီးနှစ်ဦးအပါအဝင် အင်အားတချို့ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်စစ်ကြောင်းသည် ဥသျှစ်ပင်မြို့၏ အရှေ့ဘက် လဲရွာတွင် အထိုင်ချ‌နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ဇန်နဝါရီ ၃ ရက်နေ့က အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဝိုင်းပတ်ပိတ်‌ ဆို့တိုက်ခိုက်ခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းဦးဆောင်သူ နှင့် အရာရှိများသေဆုံးခဲ့ပြီး အလောင်း၊ လက်နက် များကိုပင် ကောက်ယူနိုင်ခြင်းမရှိဘဲ တပ်ပျက်ထွက်ပြေးရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“တစ်ရက်ထဲမှာ စစ်ကြောင်းနှစ်ကြောင်းကို ပိတ်ပြီးတိုက်တာရယ်၊ ကြားဖြတ်တိုက်တာရယ် လုပ်ခဲ့တာမှာ စစ်တပ်ဘက်က အထိနာတယ်။ ကစဉ့်ကလျားထွက် ပြေးရတယ်။ လက်နက်နဲ့ အလောင်းတောင် မကောက်နိုင်ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါစစ်ကြောင်းမှာ လေသာတောင်ဘက်သို့ ဆက်လက်တက်ရန် ကြိုးစားနေသည့် စစ်ကြောင်း ဖြစ်ပြီး AA က အင်အားသုံးကာ ပိတ်ဆို့တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

 

စစ်ကော်မရှင်၏ လဲရွာရှိ စစ်ကြောင်းမှာ နည်းဗျူဟာအဆင့်ထက် မနိမ့်သည့် ဦးစီးအင်အား အနေအထားတစ်ခုရှိသည့် စစ်ကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။ ခြေကုပ်စခန်းတွင်ထိုင်သည့် အကြီးဆုံးခေါင်းပေါင်းကိုယ်တိုင် ဦးစီး၍ နယ်မြေရှင်းလင်းရေးလုပ်နေခြင်းဖြစ်ကာ တိုက်ခိုက်ခံခဲ့ရ ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ဖြေကြားသည်။

 

ထို့အပြင် ပွိုင့် ၆၆၆ စခန်းကုန်းဘက်သို့ တက်လာသည့် စစ်ကော်မရှင်၏ ရိက္ခာပို့လမ်းကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၃ ရက်နေ့တွင်ပင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်၏ အဆိုပါ စစ်ကြောင်းမှာ အထိနာထွက်ပြေးရကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ စစ်ကြောင်းများမှာ AA နှင့် ထိတွေ့တိုက်ပွဲပြင်းထန်နေသည့် ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများတွင် အင်အားများစွာ ပြုန်းတီးလျက်ရှိသည်။

 

သို့သော်လည်း စစ်ကော်မရှင်သည် အဆိုပါရှေ့တန်းစစ်မျက်နှာများသို့ စစ်မှုထမ်းတပ်သားသစ်များ ရခိုင်နှင့် ရှမ်းမြောက်မှ တပ်ပျက်လာသည့် တပ်ရင်းအစုအဖွဲ့များ၊ ရန်ကုန်ရှိ ထုတ်နုတ်တပ်များမှ အင်အားများကို ဆက်တိုက် စစ်ကူပို့လျက်ရှိသည်။

ပုံစာ-ပန်းတောင်းမြို့နယ် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲတစ်ခုက်ု တွေ့ရစဉ်(ပုံဟောင်း)